စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဘရာဇီးနိုင်ငံရဲ့ ယေရှုခရစ် ရုပ်ထုနောက်ကွယ်က အကြောင်း

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့က အထင်ကရရုပ်ထုတစ်ခုဖြစ်တဲ့ ကယ်တင်ရှင်ယေရှုခရစ်တော်ကို ဇာတ်ကားတွေ၊ တီဗီအစီအစဉ်တွေထဲမှာ တွေ့ဖူးမှာပါ။ ခရစ်တော်ရုပ်ထုဟာ မြို့ရဲ့ ကမ်းခြေတွေကနေ မီတာ(၇၀၀) အထက်မှာ တည်ရှိပါတယ်။ ဘရာဇီးနိုင်ငံဟာ ခရစ်ယာန်ဘာသာကို ယုံကြည်သက်ဝင်မှုှရှိကြောင်း ပြဆိုတဲ့အနေနဲ့ ရုပ်ထုကို (၁၉) ရာစု အဆုံးပိုင်းလောက်မှာ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

 

(၁၈၅၀) ခုနှစ်များဆီမှာတော့ (၃၈) မီတာအမြင့်ရှိတဲ့ ခရစ်တော်ရုပ်ထုကြီးကို အနုပညာရှင်တွေ၊ အင်ဂျင်နီယာတွေနဲ့ ဗိသုကာတွေ ပူးပေါင်းပြီး ပုံကြမ်းရေးဆွဲခဲ့ပါတယ်။ (၁၉၂၀) ခုနှစ်များဆီ ရောက်တဲ့အခါကျမှ ရုပ်ထုတည်ဆောက်ရေးလုပ်ငန်းတွေကို စတင်ခဲ့ပါတယ်။

ခရစ်တော်ရဲ့ ရုပ်ထုဟာ မြို့ကြီးတစ်မြို့လုံးကို ကော်ကိုဗာဒိုတောင်ပေါ်ကနေ စီးမိုးကြည့်နေတာ ဖြစ်ပါတယ်။ (၁၈၅၀) ခုနှစ်များဆီမှာတော့ ဒေသခံ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးဟာ ကော်ကိုဗာဒိုတောင်ပေါ်မှာ ခရစ်ယာန်အယူဝါဒနဲ့ သက်ဆိုင်တဲ့ အဆောက်အဦးတစ်ခု ဆောက်လုပ်ဖို့ အဆိုတင်သွင်းခဲ့ပါတယ်။ ဒါပေမယ့် အဆောက်အဦအတွက် ကုန်ကျစရိတ်ကို ဘရာဇီးမင်းသမီး အစ်ဇဘဲလ်က ငြင်းဆိုခဲ့တာကြောင့် ပထမကမ္ဘာစစ် အဆုံးအထိ ဘုန်းတော်ကြီးရဲ့ စိတ်ကူးဟာ အကောင်အထည် ပေါ်မလာခဲ့ပါဘူး။

ထို့နောက်မှာတော့ ရီယိုဒီဂျနေးရိုးရဲ့ ရိုမန်ကတ်သလစ် အာ့ခ်ဒီအိုဆီဇ်နဲ့ ဘရာဇီးလူမျိုးတွေဟာ ဘရာဇီးလူမျိုးတွေရဲ့ နေ့စဉ်ဘဝမှာ ဘာသာရေးကင်းမဲ့လာမှာကို စိုးရွံ့ခဲ့ကြပါတယ်။ ဒါကြောင့် အာ့ခ်ဒီအိုဆီဇ်ဟာ (၁၉၂၁) ခုနှစ်အရောက်မှာ ခရစ်တော်ရဲ့ ပုံတူကို ကော်ကိုဗာတောင်ပေါ်မှာ တည်ဆောက်ဖို့ အဆိုတင်သွင်းခဲ့ပါတယ်။ (၁၉၂၂) ခုနှစ်မှာတော့ ခရစ်တော်ရဲ့ ပုံတူ ပုံကြမ်းကို ရေးဆွဲတင်သွင်းကြရာမှာ ဘရာဇီးလူမျိုး ဗိသုကာပညာရှင်တစ်ဦးဖြစ်တဲ့ ဟေတာဒါဆီလ်ဗာကော့စ်စတာက အနိုင်ရရှိခဲ့ပါတယ်။ သူက ခရစ်တော်ဟာ နေထွက်ရာအရပ်ကို မျက်နှာမူနေဟန် ရုပ်ထုကိုဒီဇိုင်းရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

ရုပ်ထုတည်ဆောက်ဖို့ အတွက် ကမ္ဘာတစ်ဝှမ်းက မြောက်မြားလှစွာသော ဒီဇိုင်နာတွေနဲ့ အနုပညာရှင်တွေဟာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ရုပ်ထုကိုတော့ (၁၀) နှစ်ကြာအချိန်ယူတည်ဆောက်ခဲ့ပြီး အောက်တိုဘာ(၁၂) ရက် (၁၉၃၁) ခုနှစ်မှာ ဖွင့်ပွဲပြုလုပ်ခဲ့ပါတယ်။ အခုဆိုရင်တော့ ကယ်တင်ရှင် ခရစ်တော်ရုပ်ထုကို ကမ္ဘာ့အံ့ဘွယ်(၇) ပါးထဲမှာ တစ်ပါးအပါအဝင်အဖြစ် သတ်မှတ်ထားကြပြီ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*