ဟေတုပစ္စယော တစ်လုံးတည်းနဲ့ ဘဝကူး ကောင်းခဲ့သူ

ဟေတုပစ္စယော တစ်လုံးတည်းဖြင့့် ဘဝကူးကောင်းခဲ့သူ

မိုးညှင်းဆရာတော်ကြီးကျောင်းကို ဥပုသ်စောင့်လာတဲ့ အထဲက စာမတတ် ပေမတတ် ဆင်းရဲနွမ်းပါးတဲ့ အဖွားအိုကြီးတစ်ယောက်က ဆရာတော်ကြီးကို ပုတီးစိပ်သင်ပေးဖို့ လျှောက်ထားသတဲ့—

ဒီတော့ ဆရာတော်ကြီးက အဖွားကြီး စာကလည်း မတတ် ဉာဏ်ကလည်း ထိုင်းမယ့်ပုံဆိုတော့ ထွေထွေထူးထူး ပြောမနေတော့ဘူး “ဟေတုပစ္စယော စိပ်” လို့ မိန့်ကြားတော်မူလိုက်ပါသတဲ့

အဲဒီအခါ အဖွားကြီးအိုက အချိန်ရှိသမျှ “ဟေတုပစ္စယော ဟေတုပစ္စယော” လို့ ရွတ်နေတော့တာပါပဲ ဥပုသ်စောင့်သွားရင် ပုတီးကလေး တချောက်ချောက်နဲ့ “ဟေတုပစ္စယော ဟေတုပစ္စယော”

အိမ်မှာ ထမင်းချက်ရင်လည်း “ဟေတုပစ္စယော ဟေတုပစ္စယော” ဟင်းရွက်ခူးသွား ထင်းချိုးသွားလည်း ဒီဟေတုပစ္စယောပဲ ရွတ်နေတော့တာပါပဲတဲ့

ကြာတော့ အဖွားအိုကြီးဟာ သူ့နာမယ်အရင်း ပျောက်သွားပြီး “ဒေါ်ဟေတု” လို့ိတောင်မှ ခေါ်ကြပါသတဲ့ ခေါ်တာတော့ နောက်ပြောင်ပြီးတော့ ခေါ်တာပါ သူများတွေ ဝိပဿနာတရားတွေကို ရွတ်နေ ပြောနေကြတဲ့အချိန်မှာ

ဒီအဖွားအိုကြီးက “ဟေတုပစ္စယော” တစ်လုံးတည်း ရွတ်နေတော့ အထင်သေး အမြင်သေးနဲ့ “ဒေါ်ဟေတု” လို့ နှိမ်ပြီးတော့ ခေါ်ကြတာပါပဲ

အဖွားအိုကလည်း ဘယ်သူတွေ ဘာပြောပြော ဂရုမစိုက်ပါဘူး ဆရာတော်ကြီးကိုယ်တိုင်က စိပ်ခိုင်းထာတာဆိုတော့ ယုံယုံကြည်ကြည်နဲ့ပဲ စိပ်နေတာပါ

တစ်နေ့တော့ ပရိသတ်ရေ— အသက်အတိုင်း နေကြတာဆိုတော့ ဒေါ်ဟေတုကြီး ကွယ်လွန်သွားပါလေရော ဒေါ်ဟေတုကြီး ကွယ်လွန်သွားတော့ ဆင်းရဲသား တစ်ကောင်ကြွက်မို့ အရပ်က ဝိုင်းပြီးတော့ သဂြိုဟ်လိုက်ကြရရှာပါသတဲ့

ဒေါ်ဟေတုကြီး ဆုံးတဲ့အချိန်မှာ မိုးညှင်းဆရာတော်ကြီးက မုံရွာ သမ္ဖုဒ္ဓေမှာ မရှိဘူး ဆရာတော်ကြီးက အောက်ပြည်အောက်ရွာမှာ တစ်ဆောင်းလုံး တစ်နွေလုံး လှည့်ပြီးတော့ တရားဟောတော်မူတာ ဝါဆိုခါနားနီးတော့မှပဲ ကျောင်းကို ပြန်ကြွတော်မူတာ

ဆရာတော်ကြီး ကျောင်းကို ပြန်ရောက်လာတော့ ဒေါ်ဟေတုကြီးဆုံးတာ နှစ်လ သုံးလ ကြာသွားပြီ ရောက်ရောက်ချင်းလည်း ဆရာတော်ကြီးကို ဘယ်သူကမှ ဒေါ်ဟေတုကြီး ဆုံးတဲ့အကြောင်း မလျှောက်မိကြဘူး

ဆင်းရဲနွမ်းပါးတဲ့သူဆိုတော့လည်း မေ့မေ့ပျောက်ပျောက်နဲ့ နေကြတာပါပဲ ဆရာတော်ကြီးကလည်း သမ္ဗုဒ္ဓေဘုရားကြီး တည်တဲ့ကိစ္စ ပဋ္ဌာန်း ဝိပဿနာတရားပြတဲ့ ကိစ္စတွေနဲ့ မအားမလပ်မို့

ဒေါ်ဟေတု ပျောက်နေတာကိုလည်း တော်တော်နဲ့ သတိမထားမိဘူးပေါ့ ဆရာတော်ကြီး သတိထားမိတဲ့ တစ်နေ့မှာ—-

“ဟဲ့—ဒေါ်ဟေတုကြီးတစ်ယောက် မမြင်ပါလား”

“ဆုံးသွားတာ ကြာပေါ့ ဆရာတော် အောက်ပိုင်းကို ကြွနေတုန်းကတည်းကပါပဲ”

“နင်တို့ ဘယ်လို သဂြိုဟ်လိုက်ကြတုန်း”

‘ရွာထုံးစံ ရပ်ထုံးစံပေါ့ဘုရား ဒီလိုပဲ ဝိုင်းပြီးတော့ မြေမြုပ်သဂြိုဟ်လိုက်ကြတာပါပဲဘုရား”

“ဟဲ့— သူတော်ကောင်းမကြီးကွယ့် ဒီလို မလုပ်ကောင်းဘူး ပြန်ဖော်ကြ ပြန်ဖော်ကြ” လို့ အမိန့်ရှိတော့ ဆရာတော်ကြီး အမိန့်မို့ မလွန်ဆန်ရဲတာနဲ့ဲ ပြန်ဖော်ကြရတာပေါ့

ဒေါ်ဟေတုအလောင်းကို ပြန်ဖော်လိုက်တော့ ပရိသတ်ရေ— နှစ်လကျော် သုံးလလောက်တောင် ကြာပြီ အရိုးတောင်ဆွေးလောက်ပြီထင်ရတဲ့ ဒေါ်ဟေတုကြီးဟာ အကောင်မပျက် ရုပ်မပျက် မပုပ်မသိုးဘဲနဲ့

အသားအရေတွေ ဝါဝင်းလို့ အကောင်းပကတိအတိုင်း စိုစိုပြေပြေ လတ်လတ်ဆတ်ဆတ် ရှိနေတုန်းပါပဲတဲ့

ဒေါ်ဟေတုအတွက် မိုးညှင်းဆရာတော်ကြီးက ဦးစီးပြီးတော့ သံဃာတော်တွေ အများကြီးပင့်ပြီး ဈာပနပွဲ စည်စည်ကားကားနဲ့ သဂြိုဟ်ကြပြန်ပါသတဲ့

ဒီတော့ ပရိသတ်ရေ— ဟေတုပစ္စယော တစ်လုံးတည်း စိပ်တာနဲ့တင် သေလွန်တဲ့အခါမှာတောင် မပုပ်မသိုး ရှိတယ်ဆိုတာဟာ လက်တွေ့သာဓက တစ်ခုပါပဲ

ဒီတော့ ၂၄- ပစ္စည်းတော့ ရကြမှာပါ ဒေါ်ဟေတုထက်တော့ ဉာဏ်ကောင်းကြမှာပါ ၂၄-ပစ္စည်း ရွတ်ကြပါ အသိဉာဏ် မရှိရှာတဲ့ ဒေါ်ဟေတုထက် ပိုပြီးတော့ အားထုတ်ကြပါ

လောလောဆယ် တရားချစ်ခင်သူတော်စင်တွေ နိဗ္ဗာန်ရောက်ဖို့ဆိုတာ အသာထားလိုက်ကြပါဦး ရုပ်တွေ နာမ်တွေ သစ္စာလေးပါတွေ ပညတ် ပရမတ်တွေ နောက်မှ ပြောကြရအောင်ပါ အန္တရာယ်ကင်းဖို့ိရယ် ချမ်းသာဖို့ရယ်က ခုလောလောဆယ်မှာ ပိုပြီး အရေးကြီးတယ်

အန္တရာယ်ကင်းပြီ ချမ်းသာပြီဆိုတော့မှ အမျိုးဘာသာ သာသနာကောင်းကျိုးတွေရော နိဗ္ဗာန်ရောက်ကြောင်းတွေပါ လုပ်နိုင်ကြမှာပေါ့ ပဋ္ဌာန်းရွတ်ရင် ဘယ်လိုကောင်းကျိုးတွေရမယ်ဆိုတဲ့

အကျိုးကျေးဇူးရှိပုံ သာဓက သက်သေတွေကို နိကာယ်ငါးရပ် ပိဋကသုံးပုံထဲက အကြောင်းအရာတွေကိုမပြောဘဲ ယခုပစ္စုပ္ပန် လက်တွေ့သာဓကလေးတွေကိုချည်းပဲ ဦးဇင်း ပြောပြသွားပါ့မယ်—။

အရှင်အာစာရာလင်္ကာရ(စစ်ကိုင်း ရွှေဟင်္သာ)

Be the first to comment

Leave a Reply

Your email address will not be published.


*