“ မိန်းမတစ်ယောက်ကို ” ထမင်းကျွေးနိုင်ရုံလောက်နဲ့ လက်မထပ်ပါနဲ့ (အဆုံးထိဖတ်ကြည့်လိုက်)

မိန်းမတစ်ယောက်ကို ထမင်းကျွေးနိုင်ရုံလောက်နဲ့ မယူနဲ့ ထမင်းကတော့ သူ့မိဘလဲ ဝအောင်ကျွေးနိုင်တယ်။မြန်မာ့ အိမ်ထောင်ရေးနဲ့ အမျိုးသမီးတို့ခံစားချက်။ချမ်းချမ်းက သူ့အိမ်ထောင်ရေးနဲ့ ပတ်သတ်ပြီး ပြောထားတဲ့ စာလေးတစ်ခု ဖတ်ရတယ်။ သူပြောသွားတဲ့ထဲမှာ သူ့ဘက်က

ပေးဆပ်နိုင်သမျှ ပေးဆပ်ပြီးပြီဆိုတာ ပါတယ်။ ဘယ်လိုမှ မဖြစ်နိုင်တော့လို့သာ ကွာရှင်းခဲ့ရတယ်။ ခုနောက်တစ်ယောက်က သူ့ကိုအရမ်းအလေးထားတဲ့ နိုင်ငံခြားသား၊ သူက အိမ်ထောင်ကွဲခဲ့ဖူးတာ သိပေမယ့် သူ့အရာရာကို လက်ခံနိုင်တဲ့ သူမို့လို့ သူလည်း လက်ရှိမှာတွဲနေတယ် ဆိုတာလေး

အဲ့ဒိမှာ ဘာသွားတွေ့ရလဲ ဆိုတော့ ယောက်ျား နောက်မိန်းမ ယူတာ အပြစ်မတင်ဘဲ မိန်းကလေးတစ်ယောက်က အိမ်ထောင်ကွဲပြီးနောက်တစ်ယောက်တွဲရင် အပြစ်တင်တတ်တဲ့ အလွန် အင်မတန်မှ ယဉ်ကျေးပါတယ်ဆိုတဲ့ မြန်မာလူမျိုးတွေရဲ့ အလွန် စိတ်ပျက်ဖွယ်စိတ်ဓါတ်အချို့ကို တွေ့ရတယ်။

မိန်းကလေးကို second sex သဘောထားတာ မြန်မာ၊ အိန္ဒိယ၊ တရုတ် စတဲ့နိုင်ငံတွေမှာပဲ။ ဒါတောင် မြန်မာ နှင့် အိန္ဒိယကပိုဆိုးမယ်ထင်တယ်။ မြန်မာယောက်ျား အချို့ဟာ ကိုယ်တိုင်က တာဝန်မယူနိုင်ဘဲ မိန်းမလိုချင်တယ်။ တာဝန်ယူတယ်ဆိုတာ လက်ထပ်ရုံ၊ငွေကြေးထောက်ပံ့ ပေးနိုင်ရုံကို ပြောတာမဟုတ်ဘူးနော်။ ဒီမိန်းကလေးတစ်ယောက်ရဲ့ စိတ်ခံစားမှုကိုပါ နားလည်နိုင်မှုကို ပြောတာ

အဲ့ဒိတော့ မိန်းမယူပြီး ပိုက်ဆံပေးရင် ရပြီ ထင်တာမှားတယ်။ မိန်းမတစ်ယောက်ကို ထမင်းကျွေးနိုင်ရုံလောက်နဲ့ မယူနဲ့။ ထမင်းကသူ့မိဘလည်း သူ့သမီး မငတ်အောင် ကျွေးထားနိုင်တယ်။ဒါပေမယ့် မိန်းကလေးရဲ့ အိပ်မက်တွေရော ကိုယ့်ရဲ့ အိပ်မက်တွေကိုပါ အပြန်အလှန် အကောင်အထည်ဖော်နိုင်အောင်ကူညီနိုင်ကြမယ်ဆို ယူ။ ဒါကမှ တာဝန်ယူနိုင်မှု အစစ်ပဲ။

အချို့က ရှိသေးတယ်။ မင်း ငါနဲ့ယူပြီးရင် ဘာအလုပ်မှ မလုပ်နဲ့။ အိမ်မှာကလေးနဲ့ အေးအေးဆေးဆေးနေတဲ့။အဲ့ဒါ တကယ့်ထောင်ချောက်။ မိန်းမတိုင်းက ကလေးမွေးပြီး ကလေးကို ပြုစုစောင့်ရှောက်နိုင်မှုမှာ ယောက်ျားတွေထက် သာတာမှန်ပေမယ့် တစ်သက်လုံး သူ့ကို အပြင်လောကနဲ့ မဆက်ဆံခိုင်းရင် သူက ကြာတဲ့အခါ အိမ်မှာနေရင်း လှောင်ချိုင့်ထဲက ငှက်လို ဖြစ်ပြီးအကြံတုံး ဉာဏ်တုံး ဖြစ်သွားလိမ့်မယ်။

ဘယ်မိန်းမ မဆို ယောက်ျားရပြီးသည့်တိုင်အောင် ကိုယ်စိတ်ဝင်စားတာ တစ်ခုခုကိုစွဲစွဲမြဲမြဲလုပ်နိုင်ခွင့်တော့ ရှိရမယ်။ဘာလို့လည်းဆိုတော့ မိန်းမတွေမှာ အိမ်ကနေပြီး သူဝါသနာပါရာ လုပ်နိုင်မှသာ သူ့တန်ဖိုးကို သူမမေ့မှာ။ မဟုတ်ရင် သူ့ယောက်ျားကတစ်ခြားတစ်ယောက်ကို စိတ်ဝင်စားနေခဲ့ရင် သူတို့မှာ ကိုယ့်တန်ဖိုးတောင် ဘာမှန်းမသိလောက်အောင် စိတ်ဓါတ်ကျရမယ်။ အဲ့တော့ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို တကယ်ချစ်ရင် အဲ့မိန်းမကို ကိုယ်ကလည်း respect ပေးရမယ်

သူလုပ်ချင်တာလေးတွေ ပေးလုပ်ရမယ်။ငါပိုက်ဆံရှာကျွေးထားတာ မင်းက ငါပြောတာပဲ နားထောင် ဆိုတာကို ဘယ်မိန်းမမှ ချစ်တာလို့ ခံစားရမှာ မဟုတ်ဘူး။ အဲ့ဒါက သခင် နှင့်ကျွန် ဆက်ဆံရေး။ လင်နဲ့မယားဆိုတာ အပြန်အလှန် ဆွေးနွေးတိုင်ပင် တစ်ယောက်ပြောတာ တစ်ယောက်သေချာ နားထောင်တဲ့ဆက်ဆံရေးပါ။ ဒါကြောင့် ဘယ်တစ်ယောက်ကမှ နှိမ်သလို အရေးမပါသလို ဆက်ဆံလို့ မရဘူး။

နောက်တစ်ခုက Healthy relationship ဆိုတာ တစ်ယောက်အကြောင်း တစ်ယောက်နားလည်ပြီး မေတ္တာတွေ သည်းခံမှုတွေနဲ့ရှေ့ဆက်ရတာပါ။ တစ်ယောက်နဲ့ တစ်ယောက် အလျော့အတင်းလေးတွေနဲ့ ဆက်ဆံရတာမျိုးပါ။ အမြဲတမ်း တင်းလွန်းရင်လည်းပြတ်တတ်သလို လျော့လွန်းရင်လည်း အဆင်မပြေပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိသည့်တိုင် ပြဿနာဆိုတာအခြေအနေ အရပ်ရပ်က ဝင်လာမှာမို့လို့ ဘယ်လိုအခြေအနေရောက်ရောက် တူတူရင်ဆိုင်မယ်ဆိုတဲ့ ရဲဘော်ရဲဘက် စိတ်လည် လိုတယ်။

နောက်တစ်ခုက ဘေးစကားတွေပါ။ ဘေးစကားဆိုတာမှာလည်း မြန်မာမိသားစုတွေမှာ အတော်စပ်စုပြီး စကားရှုပ်တဲ့ လူတွေပါဝင်နေတတ်ပါတယ်။ ကိုယ့်မိသားစု ကိစ္စမဟုတ်ဘဲ ကိုယ်ဘာမှ မသိရဘဲ ဝင်ယောင်၊ ဝင်ရှုပ်တာနဲ့ ရန်ဖြစ် စကားများရတဲ့လင်၊မယားတွေ အများကြီးပါ။ တကယ်တော့ သူတို့ဟာ ကူညီသလိုလိုနဲ့ အဆင်းဘီးတပ်နေတဲ့ ဆွေမျိုးတွေပါပဲ။ ကျွန်မပြောတာမြန်မာမိသားစု အတော်များများရဲ့ ဖြစ်နေကြပြဿနာတွေပါ။ ဒီတော့ ဘေးစကားကြောင့် ပြဿနာတက်မယ်ဆိုကိုယ့်လူကိုယ်အသိဆုံးပဲ။ အပြင်လူနဲ့ ကိုယ့်လူဆို ကိုယ့်လူစကားပဲ ယုံရမှာပဲ

ကိုယ့်လူနဲ့ ကိုယ်ပြဿနာတက်ရင် နှစ်ယောက်လုံး စိတ်ဆင်းရဲရတာ ဘေးလူက အေးဆေး၊ အနေသာကြီး။ဒါကြောင့် လင်မယား ပြဿနာတက်ရင် ကိုယ့်အချင်းချင်းကြားမှာ ကိုယ့်ဘာသာပဲ ရအောင်ရှင်းပါ။ တစ်ချို့ကိစ္စတွေက အပြင်လူပါမှရှင်းမရဖြစ်တတ်တယ်။နောက် ဘေးပတ်ဝန်းကျင်ရဲ့ ပြောစကားဆိုတာ အင်မတန်မှ အိမ်ထောင်ရေးကို ရိုက်ခတ်ပါတယ်။

မြန်မာ့လူနေမှုမှာသူများအကြောင်းစပ်စုတာဟာ အလေ့တစ်ခုလို ဖြစ်နေပြီးသားပါ။ ကျွန်မရဲ့ ပုဂ္ဂလအမြင်အရဆိုရင်တော့ စပ်စုတာကိုတော်တော်မုန်းတဲ့ထဲ ပါတယ်။ စပ်စုမယ်၊ စကားသယ်မယ်၊ ဒီစကားဟိုပို့လုပ်မယ်၊ ဘာမှမဟုတ်တာကို ပုံကြီးချဲ့မယ် ဒါတွေအားလုံးဟာမုသာဝါဒထဲမှာ အကျုံးဝင်တယ်။ အတိအကျအနေနဲ့ဆို သမ္ဖပ္ပလာပ လို့ခေါ်တဲ့ သေးနုပ်သိမ်ဖျင်းတဲ့ အတင်းအဖျင်းစကားထဲမှာအကျုံးဝင်တယ်။ ဒါကိုဘာလို့ ဗုဒ္ဓဘာသာ အမည်ခံပြီး လုပ်နေကြလဲဆိုရင် ဘုရားစကားကို နားမလည်လို့ လို့ပဲပြောရမှာပဲ

ကျွန်မတို့ မြန်မာနိုင်ငံက မိသားစုတော်တော်များများ၊ လင်မယားကြား မိတ်ဆွေတွေကြား ပြဿနာတက်တာ ခုန သမ္ဖပ္ပလာပကိုပျော်ပျော်ကြီး ကျူးလွန်နေကြလို့။ သူများကို မသိဘဲ ကဲ့ရဲ့တတ်တာလည်း ဝစီကံကျူးလွန်တာပါပဲ။ ကိုယ်တိုင်က မသိလို့ သိတဲ့သူကပြောရင်လည်း “ဟုတ်လား ငါမှမသိတာ… ငါထင်တာက” ဆိုတာနဲ့ ထင်ကြေးပေးတတ်ခြင်းကလည်း မုသာဝါဒ မြောက်တယ်

ဒီမုသာဝါဒ သာ ထိန်းနိုင်ကြည့် crime လည်းလျော့သွားမယ်။ ပြဿနာတော်တော်များများလည်း လျော့သွားမယ်။ တစ်ချို့တွေပြောတဲ့white lie ဆိုတာရှိသေးတယ်။ ဗုဒ္ဓအဘိဓမ္မာမှာ white lie လည်းမရပါဘူး။ မုသာဝါဒက မုသာဝါဒပဲ။ မုသာဝါဒ မလုံတဲ့သူဟာဘာသီလမှ မလုံတော့ပါဘူး။ အဲ့ဒါကြောင့် ဘယ်ဆက်ဆံရေးမဆို ကြာရှည်တည်မြဲချင်ရင် အဆုံးစွန်ဆုံး ရိုးသားဖို့လိုတယ်။ ရိုးသားတာကိုမကြိုက်တဲ့သူက မရိုးသားချင်လို့ပဲ။ ။

# crd May thaw

Be the first to comment

Leave a Reply

Your email address will not be published.


*