လူတွေစိတ်ဝင်စားကြတဲ့ Vampire တွေရဲ့ သမိုင်းကြောင်း

Vampire (သွေးစုပ်ဖုတ်ကောင်)တွေဟာ နေရောင်နဲ့ မထိတွေ့နိုင်ဘဲ ညအချိန်ကျမှ လူသွေးသောက်ဖို့ အမဲလိုက်လေ့ရှိတဲ့ ဒဏ္ဍာရီလာ မကောင်းဆိုးဝါးတစ်မျိုးလို့ လူသိများကြပါတယ်။ Vampire ဆိုတာဟာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံမှာ တူညီတဲ့အဓိပ္ပာယ်နဲ့ တည်ရှိနေတဲ့ အရာတစ်ခုဖြစ်ပြီး လူတွေရဲ့သမိုင်းကြောင်းမှာ တူတူကပ်ပါလာတဲ့ သူတို့ရဲ့သမိုင်းအစကတော့ စာရေးဆရာ Bram Stroker ရဲ့ (၁၈၉၇)ခုနှစ်က ထုတ်ဝေခဲ့တဲ့ လက်ရာမွန်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Dracula စာအုပ်မကျော်ကြားခင်ကတည်းက တည်ရှိနှင့်နေပါတယ်။

Vampire ဆိုတာ ဘာလဲ
မတူညီတဲ့ တိုင်းပြည်၊လူမျိုးတွေရဲ့ ရာဇဝင်တွေထဲမှာ ပါဝင်ခဲ့တဲ့ Vampire တွေဟာ ဝိသေသလက္ခဏာတွေ အမျိုးမျိုး ကွဲပြားလျက် ရှိပါတယ်။ ရာဇဝင်၊ဒဏ္ဍာရီအားလုံးထဲက Vampire တွေရဲ့ တူညီတဲ့အချက်တွေကတော့ လူရဲ့သွေးကိုသောက်တာ၊ သူတို့ရဲ့အစွယ်တွေနဲ့ ကိုက်ပြီး သွေးသောက်လိုက်တဲ့လူဟာ Vampire တစ်ကောင်အဖြစ် ပြောင်းလဲသွားတာတွေပဲ ဖြစ်ပါတယ်။

Vampire တွေဟာ နေရောင်က သူတို့ကို အားနည်းစေတဲ့အတွက် ညဘက်မှသာ လူသွေးသောက်ဖို့ အမဲလိုက်လေ့ရှိပြီး အချို့ကတော့ လင်းနို့အသွင် ပြောင်းလဲနိုင်တဲ့အစွမ်းရှိတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့သားကောင်ဖြစ်မယ့် လူပေါ်မှာ စိတ်ကိုညို့ယူနိုင်တဲ့၊ စိတ်ကိုထိန်းချုပ်နိုင်တဲ့အစွမ်းမျိုး ပိုင်ဆိုင်ကြပါတယ်။ သူတို့ကိုယ်သူတို့ မှန်ထဲမှာ မမြင်ရသလို အရိပ်လည်း မရှိကြပါဘူး။

ဂရိဒဏ္ဍာရီထဲက Vampire


ပထမဆုံးသော Vampire ဇာတ်လမ်းကတော့ ဂရိဒဏ္ဍာရီထဲမှာ ပါဝင်တဲ့ အီတာလျံလူငယ်လေး အန်ဘရိုဂျီယိုနဲ့ သူအချစ်ရဆုံး မိန်းကလေး ဆယ်လီနာတို့ကနေ စတင်ခဲ့ပါတယ်။ ဒီပုံပြင်ဇာတ်လမ်းထဲမှာ Vampire လို့ပြောလိုက်ရင် လူသိများတဲ့ အချက်တွေဖြစ်တဲ့ ရမ္မက်ပြင်းထန်တာ၊ သွေးကိုဆာလောင်တာ၊ နေရောင်နဲ့ ဓာတ်မတည့်တာတွေ ပါဝင်ပါတယ်။

ဒဏ္ဍာရီထဲက ဖော်ပြချက်အရ အန်ဘရိုဂျီယိုဟာ နေနတ်မင်း အပိုလိုရဲ့နတ်ကွန်းကို သွားရောက်ပြီးနောက်မှာ ဆယ်လီနာကို ချစ်မိသွားခဲ့ပါတယ်။ သူ့ဘဝရဲ့အချစ်ရဆုံး မိန်းကလေးအဖြစ် သတ်မှတ်လိုက်ပြီး ဆယ်လီနာ့ကို ချစ်ခွင့်ပန်ပြီး လက်ထပ်ဖို့ ခွင့်တောင်းခဲ့ပေမယ့် သူ့လိုပဲ ဆယ်လီနာ့ကို ပိုင်ဆိုင်ချင်နေတဲ့ အပိုလိုနတ်မင်းရဲ့ မနာလိုဝန်တိုမှုကို မသိခဲ့လေတော့ အပိုလိုနတ်ဘုရားရဲ့ ကျိန်စာတိုက်တာကို ခံခဲ့ရပါတယ်။ ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် နေရောင်နဲ့ ထိတဲ့အခါ အသားတွေ လောင်ကျွမ်းသွားစေဖို့ အပိုလိုနတ်ဘုရားက အန်ဘရိုဂျီယိုကို ကျိန်စာတိုက်လိုက်တာ ဖြစ်ပါတယ်။

ကူကယ်ရာမဲ့နေတဲ့ အန်ဘရိုဂျီယိုဟာ သူ့ရဲ့ကျိန်စာနဲ့ ပတ်သက်ပြီး အပလောကရဲ့နတ်ဘုရား ဟေးဒီးစ်၊ အမဲလိုက်နတ်ဘုရားမ အာတီးမစ်တို့ဆီမှာ အကူအညီသွားတောင်းခဲ့ပါတယ်။ ဟေးဒီးစ်နဲ့ အပေးအယူလုပ်ထားတဲ့အတိုင်း အာတီးမစ်ရဲ့ ငွေလေးတော်ကို ခိုးယူပြီး ဟေးဒီးစ်ကို ပေးလိုက်တဲ့အခါမှာတော့ ငွေသတ္တုနဲ့ ထိတွေ့တိုင်း အသားက လောင်ကျွမ်းခံစားရစေဖို့ အာတီးမစ်ရဲ့ ကျိန်စာတိုက်တာကို ထပ်ခံစားလိုက်ရပြန်ပါတယ်။ သို့ပေမယ့်လည်း အန်ဘရိုဂျီယိုအပေါ် သနားစိတ်ဝင်သွားတဲ့ အာတီးမစ်ဟာ မသေနိုင်တဲ့ အဆုံးမဲ့ရှင်သန်ခြင်း၊ ခွန်အားကြီးမားလွန်းခြင်းစတဲ့ စူပါ ပါဝါတွေကို ပေးသနားခဲ့ပြီး သားရဲတိရစ္ဆာန်တွေကို သတ်ဖြတ်ဖို့နဲ့ အဲ့ဒီ့ကရရှိတဲ့သွေးနဲ့ ဆယ်လီနာ့ဆီကို အချစ်ကဗျာလေးတွေ ရေးသားနိုင်ဖို့ ပြန်လည်ပေးသနားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ဆယ်လီနာလေးဟာ အပိုလိုနတ်ဘုရားရဲ့ လက်တွင်းကနေ လွတ်မြောက်နိုင်ခဲ့ပါတယ်။ အချိန်တန်ရင် သေမှာဖြစ်တဲ့ ဆယ်လီနာနဲ့ ဘယ်တော့မှ မသေနိုင်တော့မယ့် အန်ဘရိုဂျီယိုတို့ ဆုံတွေ့တဲ့အခါ နှစ်ယောက်အတူတူ ထာဝရရှင်သန်နိုင်ဖို့အတွက် ဆယ်လီနာရဲ့သွေးကို သောက်ဖို့ နတ်ဘုရားမ အာတီးမစ်က အန်ဘရိုဂျီယိုကို အကြံပေးခဲ့ပါတယ်။ ဒီလိုနဲ့ Vampire တွေရဲ့ ရာဇဝင်ဟာ ဂရိဒဏ္ဍာရီမှာထဲက အစပြုခဲ့ပါတယ်။

Vlad The IMPALER
Vlad Dracula (သို့မဟုတ်) Vlad The Impaler လို့လည်း အမည်တွင်ပြီး Vampire လို့ ယူဆရတဲ့ လူတစ်ယောက်ဟာ ရိုမေးနီးယား၊ ထရန်ဆယ်လ်ဗေးနီးယားမှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ရိုမေးနီးယားရဲ့ ဝါလာချီယားလို့ခေါ်တဲ့ ဒေသကို (၁၄၅၆)ခုနှစ်ကနေ (၁၄၆၂) ခုနှစ်အထိ အုပ်စိုးခဲ့ပါတယ်။ အချို့သမိုင်းပညာရှင်တွေကတော့ သူဟာ အော်တိုမန်းအင်ပါယာကို ရက်ရက်စက်စက်နည်းလမ်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ အုပ်ချုပ်သူတစ်ယောက်သာ ဖြစ်တယ်လို့ ဖော်ပြကြပါတယ်။ သူဟာ သူ့ရဲ့ရန်သူတွေကို သစ်သားချွန်နဲ့ ရင်ဝကို ထိုးစိုက်ပြီး ရက်ရက်စက်စက် သတ်ရတာကြိုက်လို့ Vlad The Impaler ဆိုတဲ့ နာမည်တွင်ခဲ့တာလို့ ဆိုပါတယ်။ ဒဏ္ဍာရီထဲက ဖော်ပြချက်တွေအရ Vlad ဟာ သေအံ့ဆဲဆဲ မေ့မျောနေတဲ့ ရန်သူတွေကြားထဲမှာ ညစာစားရတာကို နှစ်သက်ပြီး ရန်သူတွေရဲ့သွေးကို ပေါင်မုန့်နဲ့ တို့စားရတာ နှစ်သက်သူဖြစ်တယ်လို့ သိရပါတယ်။ သို့ပေမယ့်လည်း ဒါဟာ အတိအကျ မှန်ကန်ရဲ့လားဆိုတာကတော့ ဘယ်သူမှ မသိနိုင်ဘူးလို့လည်း သမိုင်းပညာရှင်တွေက ဖော်ပြကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*