၂၀၃၀ တွင် အရှေ့တောင်အာရှ၌ လေထုညစ်ညမ်းမှုကြောင့် သေဆုံးသူ သုံးဆ မြင့်တက်လာနိုင်

၂၀၃၀ ပြည့်နှစ်တွင် အရှေ့တောင်အာရှ ဒေသ၌ လေထုညစ်ညမ်းမှုနှင့် ဆက်စပ်သော လူအသေအပျောက် ပမာဏ သုံးဆမျှ မြင့်တက်လာနိုင်ကြောင်း စစ်တမ်းတစ်ရပ်က ညွှန်ပြထားသည်။

ဟားဗတ်တက္ကသိုလ်က ကူညီပံ့ပို့ပြီး Greenpeace အဖွဲ့ကြီးနှင့် ပူးပေါင်း ပြုလုပ်သော သုတေသန စစ်တမ်း၌ လာမည့် ၁၃ နှစ်အတွင်း အရှေ့တောင်အာရှ နိုင်ငံအများစု၏ ကျောက်မီးသွေး သုံးစွဲမှု အလွန်အကျွံ မြင့်တက်လာနိုင်ကြောင်း ဖော်ပြထားသည်။ အကျိုးဆက် အနေဖြင့် လေထုညစ်ညမ်းမှုများနှင့် ဆက်စပ်ပြီး သက်တမ်းစေ့ မနေရသူ ဦးရေမှာ နိုင်ငံအလိုက် မြင့်တက်လာနိုင်ကြောင်းလည်း ဆိုသည်။


အရှေ့တောင်အာရှသည် ၂၀၁၁ မှ ၂၀၃၅ နှစ်အတွင်း ကျောက်မီးသွေး သုံးစွဲမှု ပမာဏ ၈၃ ရာခိုင်နှုန်း ထိုးတက်လာဖွယ် ရှိနေပြီး ယင်းသည် တစ်ကမ္ဘာလုံး ပျမ်းမျှ ပမာဏ၏ နှစ်ဆ ဖြစ်မည်ဟု သိရသည်။ လေထုညစ်ညမ်းမှုနှင့် ဆက်စပ်၍ လူအသေအပျောက် များပြားသည့်ဒဏ်ကို အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့က အဆိုးဆုံး တွေ့ကြုံရနိုင်ပြီး မြန်မာနိုင်ငံသည် လက်ရှိတွင် ယင်းနှင့် ဆက်စက်၍ နှစ်စဉ် ပျမ်းမျှ လူ ၁၀၀၀ ဝန်းကျင် သေဆုံးရာမှ ၂၀၃၀ တွင် ၅၀၀၀ ဝန်းကျင်မျှ ရှိလာနိုင်ကြောင်း စစ်တမ်းက ဖော်ပြထားသည်။

ကျောက်မီးသွေး သုံးစွဲမှုကို အလွန်အကျွံ မှီခိုရသည့် နိုင်ငံများတွင် ၂၀၃၀ ပြည့်နှစ်၌ အင်ဒိုနီးရှားက လူပေါင်း ၂၅၀၀၀ မျှနှင့် ဗီယက်နမ်က ၁၈၀၀၀ မျှ လေထုညစ်ညမ်းမှုဖြင့် နှစ်စဉ် သေဆုံးဖွယ် ရှိကြောင်းလည်း သုတေသီများက သတိပေးထားသည်။

“အရှေ့တောင်အာရှမှာက ကျောက်မီးသွေးကို မှီခိုရတဲ့ အခန်းကဏ္ဍ ကြီးမားနေတုန်းပဲ။ အကျိုးဆက်အနေနဲ့ လေထု အရည်အသွေးအပေါ် ရေရှည် ထိခိုက် သက်ရောက်မှုတွေ ရှိလိမ့်မယ်။ ဒီအခါမှာ ပြည်သူ့ ကျန်းမာရေး ကဏ္ဍကိုပါ ဆုတ်ယုတ်စေနိုင်ပါတယ်”ဟု ဟားဗတ်တက္ကသိုလ်မှ သုတေသီ ရှနွန်ကော့ပ်လစ်ဇ်က သတိပေးခဲ့သည်။

အရှေ့တောင်အာရှနှင့် ဆက်စပ်နေသည့် အိန္ဒိယနှင့် တရုတ်ကဲ့သို့ နိုင်ငံကြီးများတွင်လည်း အလားတူ ပြဿနာမျိုး ကြုံရဖွယ် ရှိနေသည်။ အိန္ဒိယတွင် ၂၀၃၀ ပြည့်နှစ်၌ လေထုညစ်ညမ်းမှုများနှင့် ဆက်စပ်၍ နှစ်စဉ် သေဆုံးသူ အရေအတွက် ၁၀၀၀၀၀ မျှထိ မြင့်တက်လာနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*