မြန်မာ့ဇာတ်သဘင်လောကတွင် ထင်ရှားခဲ့သော နိုင်ငံခြားသား ဇာတ်မင်းသား

ရေးသားသူ – မောင်ချိုမင်း(ကန္တာရဝတီ)

မြန်မာ့သုခုမဇာတ်ခုံပေါ်တွင် မြန်မာတိုင်းရင်းသားဇာတ်မင်းသားများ ဇာတ်ကခဲ့ကြ သည်မှာ လုံးဝမဆန်း။ သို့သော် နယ်မြေရင်းခံ တိုင်းတစ်ပါးမှ ပေါက်ဖွားလာသူမျက်နှာဖြူ လူမျိုးခြားစစ်စစ်တစ်ဦးက မြန်မာဇာတ်မင်းသားများနှင့်အတူ မြန်မာ့ဇာတ်ခုံပေါ်တွင် ကျော်ကြားခဲ့သည်မှာ နယ်ချဲ့ခေတ်တန်ခိုးထွားခဲ့ချိန်ကဖြစ်သည်။ ယင်းမင်းသား၏ အမည်ကား အင်္ဂလန်စိန်ပင်။

သူ၏ဘိုးဘွားများက သြစတြေးလျနိုင်ငံသားစစ်စစ်များဖြစ်ကြ၏။ သူ့ဖခင်(အဲဖရက်) သည် ၁၉ဝ၅ ခုနှစ်ခန့် က မြန်မာနိုင်ငံ တွင် မြင်းပွဲပေါ်စ မြင်းစီးဂျော်လီအဖြစ် အသက်မွေးရန် တိုင်းတစ်ပါး မှ ရောက်ရှိလာသူဖြစ်ပြီး ခြောက်လသားအရွယ် သားငယ်ကလေး အာသာလည်း မိဘနှင့်အတူ မြန်မာနိုင်ငံသို့ ရောက်ရှိလာရသူဖြစ်၏။

သူငယ်စဉ်က သူ့မိခင် ဖခင်တို့သည် နေ့စဉ်လိုလို ညစာစားပွဲ၊ ကပွဲများသို့ သွားရောက်ပျော်ပါးလေ့ရှိပြီး အာသာ ကလေးကို ကလေးထိန်း နာနီကြီးနှင့်လွှဲထား သည်ကများသည်။ နာနီကြီးမှာ မိခင်စိတ် အပြည့်အဝ ရှိသော မွန်အမျိုးသမီးကြီး တစ်ဦးဖြစ်၍ ဇာတ်၊ ရုပ်သေးတို့ ကိုလည်း အလွန်ဝါသနာပါသည်။ ကျေးလက်ဆိုင်ရာ တောက်တိုမည်ရ သီချင်း အတိုအစ များကို လည်း အရများသည်။ ထို့ကြောင့်ပင် ပုခက် တွင်းမှ ရင်ခွင်ပိုက်အရွယ် သူထိန်းကျောင်း ရသော အာသာကလေးကို သီချင်း တကြော် ကြော်သီဆိုချော့သိပ်ရင်း မြန်မာ့ကျေးလက် တေးသံများနှင့် မျက်နှာဖြူကလေးငယ်တို့ နားယဉ်စေခဲ့သည်။

ဆံပင်က ပြောင်းဖူးမွေးကဲ့သို့ နီကြန့် ကြန့်၊ မျက်ဝန်းကလဲ့ပြာပြာ၊ အသားအရေက နို့နှစ်ရောင်ကဲ့သို့ ဆွတ် ဆွတ်ဖြူ၊ ဝဝ တုတ်တုတ် နှစ်နှစ်သား အရွယ် ချစ်စဖွယ်ဘိုကလေးကို ရင်ခွင်ပိုက်၍ အိမ်အနီးအနားတွင် လာက သော ဇာတ်၊ ရုပ်သေး၊ နတ်ကန္နားပွဲမှန်သမျှကို သူ့၏နာနီမိန်းမကြီးက သွားကြည့်လေ့ရှိ သည်။ ထိုအခါ နာနီကြီးစားတတ်သည့် မုန့်လေပွေ၊ မုန့်ဆီကြော်၊ ကောက်ညှင်းပေါင်း နှင့် လက်ဖက်/ချင်းသုပ်များကို သူချစ်သည့် ကလေးပါးစပ်ထဲသို့ ပွဲကြည့်ရင်းခွံ့ခွံ့ပေး တတ်သေး၏

ယုတ်စွအဆုံးထမင်းစားရာ ၌ပင် နာနီကြီးက သူကြိုက်တတ်သည့် ငါးပိ ရည်၊ တညင်းသီး ဆားစိမ်တို့မှအစ ပုန်းရည် ကြီးတို့ကို အာသာကလေးအားကျွေးတတ် သေး၏။ ဤသို့ဖြင့် မြန်မာ့စိတ်ဓာတ်နှင့် မျက်နှာဖြူခန္ဓာကိုယ် ပေါင်းစပ်နေသော အာသာတို့ စိန်ပေါ(လ်) ကျောင်းသားဘဝခုနစ် နှစ်သားအရွယ်ကပင် အိမ်နေရင်း နာနီ ကြီးလက်ခုပ်တီးဆိုသော နန်းဘုံ သီဟာဘွေ၊ မြမန်းဂီရိ စသည့် သီချင်းမျိုးဖြင့် ခန်းဆီးကို တောင်ရှည်ပုဆိုးလုပ်ဝတ်၍ မင်းသားလို ကနေလေ့ရှိပြီ။

ကျောင်းကပွဲတိုင်းတွင် မင်းသားအဖြစ် ပါဝင်ရသည်ကများပြီး ကျောင်းသားများ အလယ် လူသိများလာခဲ့သည်။ သို့သော် ကျောင်းစာဘက်၌ ထူးချွန်မှုမရှိဘဲ စာမေးပွဲ နီးနေပါလျက် ရေကျော်တွင် ကပြသည့် ဘိုးဘိုးရာမဇာတ်ကို ၄၅ ညလုံး ညစဉ်မပြတ် သွားကြည့်နေမှုကြောင့် စာမေးပွဲ တဗုန်းဗုန်း ကျခဲ့ရသည်။ သို့သော် သူကမမှု။

ဇာတ်မင်းသားအကျော် ဦးစိန်ကတုံးထံ တွင် သဘင်ပညာကို မရမက ဆည်းပူးခဲ့သည်။ ဦးစိန်ကတုံးကလည်း သူ့ဖခင်ဂျော်လီ ထံမှ မြင်း(တစ်)ကောင်းကောင်း ရတတ်သည်ဖြစ်၍ အာသာ့အား ကြိုးစားပြသသင်ပေးခဲ့ရာ အာသာတို့ ဇာတ်ပညာအသင့်အတင့်ရလာ ခဲ့ပြီ။ သို့သော် ပထမ သူက ဇာတ်လုပ်စားရန် စိတ်ကူးမရှိ။ ဦးစိန်ကတုံးကလည်း သူ့ကို ညကြေးတို့၊ လခတို့မပေးဘဲ မုန့်ဖိုး ပဲဖိုးမျှသာ ပေးကာ သူ၏ အကောင်းဆုံးအကဖြစ်သည့် အမဲခြောက်ဖုတ်အက၊ တစ်ပင်တိုင်မင်းသား လက်နှစ်ပါးသွားအကမျိုးစုံကို သင်ပေးခဲ့ သည်။ ထို့ပြင် သူနှင့် ခေတ်ပြိုင်မင်းသား ဖိုးစိန်ကြီးမခံချင်အောင် သူ့ဇာတ်ခုံပေါ်မှ နေ၍ ကြုံးဝါးလိုက်သေး။

”ဖိုးစိန်က ဘိုကပြားမတွေကိုခေါ်ပြီး သူ့ဇာတ်ခုံပေါ်မှာ ယိမ်းသမလုပ်ခိုင်းတာ။ စိန်ကတုံးဆိုတဲ့ ကျုပ်ကတော့ တပည့်ဖြစ်သူ အာသာကို ဘိလပ်သွေးအစစ်မှန်း လူတကာ သိအောင် ”အင်္ဂလန်စိန်”လို့ မှည့်လိုက်ပြီ ခင်ဗျား။”

အမှန်စင်စစ် အင်္ဂလန်စိန်သည် စိန်ကတုံး ထံမှ အကများကို ပိုင်နိုင်စွာ သင်ကြားတတ် မြောက်လာခဲ့သည်။ သို့သော် နောက်ပိုင်း ကိုမူ လုံးဝ ဆိုနိုင်၊ ပြောနိုင်သူ မဟုတ်။ သဘာဝ အနေအထားအားဖြင့် မျက်နှာဖြူစစ်စစ် ဖြစ်နေ၍ မြန်မာစကားကို အလွန် ပီသအောင် ပြောဆိုနိုင်သည့်တိုင် နောက်ပိုင်းဇာတ်က တတ်၊ လွမ်းတတ်၊ ပြောတတ်ရန်မှာ ပရိသတ် အလယ် ရယ်စရာဖြစ်နေပေလိမ့်မည်။

ထို့ကြောင့်လည်း သူ့ကို ငွေအရင်းအနှီးစိုက်ထုတ် ထူထောင်ပေးထားသည့် ပုသိမ်မြို့မှ ဦးစိန်၊ ဒေါ်ခင်သန်းတို့က နောက်ပိုင်းအတွက် အသံကောင်း၊ ရုပ်ချော မင်းသားငယ် တစ်ဦးကို ရှာဖွေထည့်လိုက်ကြရပါပြီ။ ထို့နောက်ပိုင်း တာဝန်ယူ ကပြရမည့် မင်းသား ကလေးမှာ နောင်အခါ သဘင်ကောင်စီ ဥက္ကဋ္ဌ ဖြစ်လာမည့် အောင်ထွန်းရွှေခေါ် ဝဏ္ဏကျော်ထင်ဦးစိန်အောင်မင်း ပင်တည်း။ အင်္ဂလန်စိန်က နဖူးစည်းခေါင်းဆောင် မင်းသားပီပီ တစ်ညလျှင် တစ်ဆယ် ကျပ် ညကြေးရ၍ သူ့လက်ထောက် အောင်ထွန်းရွှေ က သုံးကျပ်မျှသာရသည်။

”ဟားဟား ဘိုမင်းသားစန်းကောင်းနေ တဲ့ ၁၉၃၄ ခုနှစ်လောက်က ဇလွန်-ဟင်္သာတ-မြန်အောင်-ကြံခင်းနဲ့ ပုသိမ်နယ်တွေဟာ သူစားကျက်ချည်းပဲပေါ့။ သူကလည်း ခြေတို့ ခပ်ကောင်းကောင်း၊ အကကလည်း ကောင်းဆို တော့ ပိုးကြပန်းကြတဲ့ အမျိုးသမီးတွေ၊ ညစဉ် ရလိုက်တဲ့ လက်ဆောင်တွေ နည်းရော့လား။ ကျုပ်ကတော့ သူ့ကိုကြောက်နေရတယ်။ သူက ထွက်က ဆိုမှ ကရတယ်။ သူ မကနဲ့ ပြန်ဝင်ဆို ရင် ကားကြားထဲဝင်ရပြီ။ ဒီလောက်ကို စန်းရှိ ခဲ့တဲ့ ဘိုမင်းသားကွ”ဟု ဦးစိန်အောင်မင်းက အတိတ်ကိုဆောင်ရင်း အထက်ပါအတိုင်း ပြောခဲ့ဖူးသည်။

ဒုတိယကမ္ဘာစစ်ဖြစ်ပွားလာသောအခါ အင်္ဂလန်စိန်သည် စစ်သားဘဝဖြင့် အင်္ဂလိပ် စစ်တပ်နှင့်အတူ အိန္ဒိယသို့ ခြေလျင်လျှောက် ပြီး စစ်ဆုတ်ခဲ့ရ၍ စစ်ပြီးဆုံးသည့်အခါ ရွှေဘို၊ မန္တလေးမှ မဟာမိတ်တပ်များနှင့်အတူ ရှိနေခဲ့ သည်။ ထိုမှတစ်ဖန် အင်္ဂလိပ်တပ်များ ဖျက်သိမ်းလိုက်သည့်အချိန် ရန်ကုန်မြို့သို့ ရောက်လာပြီး သင်္ဃန်းကျွန်းတွင် နေထိုင် ကာ လေကြောင်း ပို့ဆောင်ရေး (ယူဘီအေ) တွင် လုံခြုံရေးတာဝန်ခံအဖြစ် ဝင်လုပ်လိုက်သေး သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးစတွင် ဇာတ်ပြန်ကရန် စိတ်ကူးသေးသော်လည်း ခေတ်ပြောင်းသွားပြီဖြစ်၍ သဘင်ပညာရပ်ဖြင့် အသက်မွေးရန်ကိစ္စကို လက်လျှော့ခဲ့ရ သည်။

ဤသို့ဖြင့် ၁၉၅ဝ ပြည့်နှစ်တွင် အကောက် ခွန်ဌာနမှ ဒေါ်မမကြီး (နိုင်ငံတော်ရှေ့နေချုပ် ဟောင်း ဦးဘစိန်၏ နှမ) နှင့် အိမ်ထောင်ကျ ပြီး စင်ကာပူမှ မိတ်ဆွေများကခေါ်၍ စင်ကာပူသို့ ရောက်သွားသည်။ မကြာမီ အင်္ဂလန်သို့ ပြောင်းရွှေ့ကာ လန်ဒန်၌ အခြေချနေထိုင်ခဲ့ကြသည်။

ဘိုဆန်သော ဇနီးသည်က အင်္ဂလိပ်လို အပြောများသလောက် ဘိုမင်းသား အင်္ဂလန်စိန်က မြန်မာစကားပြောရမှ အားရ သည်ဟု ဆိုသည်။ မှီခိုသူသားသမီးများက လည်း မရှိ၊ အလုပ်အကိုင်ကလည်း အဆင် ပြေနေကြ၍ လန်ဒန်တွင် ဘာတစ်ခုမျှ မပူမပင်ရ။

၁၉၅၈ ခုနှစ်က ရွှေမန်းတင်မောင်နှင့် ဦးစိန်အောင်မင်း တို့ကို နိုင်ငံတော် စရိတ်ဖြင့် ဥရောပသို့ လေ့လာခွင့်ပေးသည်။ စကား ပြန်မှာ ဒဂုန်ပဦးဘတင်ဖြစ်၏။ ရွှေမန်းနှင့်ဦးစိန်အောင်မင်းတို့ လန်ဒန် တွင် ရောက်ရှိ နေစဉ်ခိုက် ဘိုမင်းသားကြီးက တကူးတက ဟိုတယ်သို့ လာတွေ့ရင်း မြန်မာနိုင်ငံသို့ တစ်ဖန် ပြန်လာပြီး ဇာတ်က လိုသေးကြောင်း နှင့် မြန်မာ့အစားအစာ ငါးပိရည်၊ တို့စရာများ ကို စားသောက်လိုသေးကြောင်း ပြောရှာသည်။

သို့သော် ဘိုမင်းသားကြီး၏ ဆန္ဒမှာ ပြည့်ဝမသွားရှာပေ။ သူသံယောဇဉ် ရှိခဲ့သော မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် အားခဲနေစဉ်မှာပင် ၉-၁-၁၉၇၇ ခုနှစ်၌ အဆုတ်ရောဂါဖြင့် ကွယ်လွန်ခဲ့ရရှာကြောင်း မြန်မာ့ အနုသုခမသဘင်ကို ဂုဏ်ပြုသော အားဖြင့် ဘိုမင်းသားကို တင်ပြလိုက်ပါသည်။ ။

မောင်ချိုမင်း(ကန္တာရဝတီ)

Be the first to comment

Leave a Reply

Your email address will not be published.


*