စင်္ကာပူလိုဖြစ်ချင်ရင် စင်္ကာပူလိုကျင့်

လွန်ခဲ့တဲ့ ၉နှစ်လောက်က စင်္ကာပူမှာ အမေရိကန်ဗီဇာ အတွက် အင်တာဗျုးလာဝင်တဲ့ မိတ်ဆွေတွေကို သူတို့ခဏတည်းတဲ့ အိမ်ကနေ ထမင်းကျွေးဘို့ သွားခေါ်ဘူးတယ်။မှတ်မှတ်ရရ အဲဒီ အိမ်ပိုင်ရှင်က အသက် ၈၀ ကျော် သန်သန်မြန်မြန် မြန်မာအန်တီကြီး တစ်ယောက်ပါ။

အိမ်လေးက နေချင့်စဖွယ် တော်တော်လေးကောင်းပါတယ်။ ကျွန်မ မိတ်ဆွေတွေက အဲဒီ အန်တီကြီး အိမ်က အခန်းတခန်းမှာ ၂ ပတ်တည်းဘို့ စင်္ကာပူ ဒေါ်လာ ၈၀၀ ပေးပြီး Online ကဌားခဲ့ကြတာပါ။အန်တီကြီးက သားသမီး ၈ ယောက် မွေးထားပေမဲ့ သူ့ရဲ့ပညာတတ်ကလေးတွေက သူနဲ့ တယောက်မှ အတူ မနေကြတော့ပါဘူး။

ဒါကြောင့် လွတ်နေတဲ့ အခန်းတွေကို သူက online ပေါ် ကြော်ငြာတင်ပြီး ဌားစားပါတယ်။သားအကြီးဆုံးကသူ့ကို စောင့်ရှောက်နိုင်ဘို့ အန်တီကြီးနေတဲ့ အိမ်နားမှာ တိုက်ခန်းဝယ်နေပါတယ်။ဒီအန်တီကြီးဟာ လွန်ခဲ့သော နှစ်ပေါင်း ၆၀ လောက် ကာလကတည်းက စင်္ကာပူ ကျွန်း စုတ်ချာချာ လေးကို ပြည်ကြီးဖွား တရုတ်လက်သမား ယောက်ျားနဲ့ အတူ ရောက်ရှိနေထိုင်တာပါ။

sig7သူ့ကလေး ၈ ယောက်လဲ စင်္ကာပူမှာ တယောက်ပြီး တယောက် သူမွေးခဲ့တာပေါ့။ ခုတော့ အားလုံး ကြီးကုန်ကြပြီး ဗမာစကားတောင် တလုံးစ နှစ်လုံးစ ကလွဲလို့ မပြောနိုင်ကြတော့ပါဘူး။အဲဒီ အချိန်တွေက မြန်မာတွေ ခြိမ့်ခြိမ့်သဲ ပျော်ပွဲတွေ လုပ်လေ့ရှိတဲ့ တိုပါးရိုးက Burmese Temple ဗမာဘုန်းကြီးကျောင်းတောင် အစမတည် သေးတဲ့ ကာလတွေလို့ ဆိုပါတယ်။ နောင်သော် Burmese Temple ဖြစ်လာဘို့ အစပြု ဝိုင်းဝန်းပေးခဲ့တဲ့သူတွေ ထဲမှာ သူလည်း အပါအဝင်ပေါ့။

အန်တီကြီး ပြောပြခဲ့တဲ့ အရင်က စင်္ကာပူအကြောင်းကတော့ အားလုံးသိပြီးတဲ့ အတိုင်း အိမ်စုတ်ချာချာလေးတွေရှိတဲ့ ကန်ပုန် လို့ခေါ်တဲ့ ရွာလေးတွေ၊ တအိမ်ရဲ့နောက်ဖေးက တအိမ်ရဲ့ မျက်နှာစာ ဖြစ်နေတာတွေ၊ အိမ်ထရံကြားက အခြားအိမ်ကို ချောင်းကြည့်လို့မြင်နိုင်တာတွေ၊ ကြက်ခြံတွေ၊ ဝက်ခြံတွေက ကြက်သတ်သံ၊ဝက်သတ်သံတွေနဲ့ စင်္ကာပူ ဆင်းရဲသားတွေရဲ့အကြာင်းပေါ့။

သူကလည်း ကလေး အများကြီးနဲ့ဆိုတော့ ချောင်လည်တဲ့ အထဲ မပါဘူးပေါ့။ ရပ်ကွက်ထဲက သူ့ အိမ်ရှေ့မှာသူက ဆန်ပြုတ်ရောင်းတယ်။စင်္ကာပူမှာ သူ့လို ရပ်ကွက်ထဲက ကိုယ့်အိမ်ရှေ့ကိုယ်ရောင်းတဲ့သူရော၊လမ်းဘေးမှာ ဈေးရောင်းတဲ့သူတွေရော အများကြီးပေါ့။လီကွမ်ယူရဲ့ စင်္ကာပူ ခေတ်ပြောင်း၊ စနစ်ပြောင်း ကာလမှာ လမ်းဘေးကျုးကျော် ရောင်းသူတွေရော၊ အိမ်ရှေ့မျက်နှာစာ ရောင်းသူတွေရော မှတ်ပုံမတင်ပဲ ရောင်းတဲ့သူမှန်သမျှ ဖမ်းပြီး ဒဏ်ရိုက်တဲ့ ဥပဒေ ထွက်လာပါလေရော။

ဈေးမှမရောင်းရင် စားမလောက်တဲ့ ဘဝမှာ ဥပဒေက ဥပဒေ၊ သူတို့လည်း သူတို့၊ ဆက်ရောင်းမြဲ ရောင်းကြပါတယ်။ ဒီလိုနဲ့တနေ့တော့ အန်တီကြီးရော၊ သူတို့ ရပ်ကွက်ထဲက ဈေးရောင်းသူတွေရော အဖမ်းခံရပြီး ရဲစခန်းမှာ ဒဏ်ငွေဆောင်ဘို့ အမိန့်ချခံရပါတယ်။စင်္ကာပူက ကြောက်တတ်တဲ့ ဈေးသည်တရုတ်ကြီး၊ တရုတ်မကြီးတွေက ရှိစုမဲ့စု လေးတွေထုတ်ပြီး ဒဏ်ငွေ အသီးသီးဆောင်ကြပေမဲ့ မြန်မာ့သတ္တိအပြည့်ရှိတဲ့ အန်တီကြီးကတော့ ရဲအရာရှိကို ပြန်ခံပြောတာပေါ့။

sig6သူ့မှာ ကလေး ၈ ယောက်နဲ့ စား မလောက်လို့ဈေးရောင်းတာ <အဲဒီခေတ်က> ဒဏ်ငွေ စင်္ကာပူဒေါ်လာ ၂၅ ဒေါ်လာလည်းပေးဘို့ မရှိဘူး ထောင်ထဲထည့်ချင်လဲ ထည့်ပေါ့ ပြန်ပြောတာပေါ့။ ရဲအရာရှိလည်း သနားသွားတယ်နဲ့ တူပါတယ်။ အန်တီကြီးဆောင်ရမဲ့ ငွေကို စိုက်ဆောင်ပေးပြီး အန်တီကြီးကို ပြန်လွှတ်ပေးလိုက်တယ်။ ဒါပေမဲ့ ဈေးတော့ သူဆက်မရောင်းဝံ့တော့ပါဘူး။

အဲဒီတုန်းက စင်္ကာပူမှာ ဒီလို တင်းကြပ်တဲ့ဥပဒေ ထုတ်ပြီး မတားမြစ်ခဲ့ရင် ယနေ့လို သန့်ရှင်းသပ်ရပ် စည်းကမ်းရှိတဲ့ စင်္ကာပူ လူ့အဖွဲ့အစည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ အန်တီကြီးလဲ စည်းကမ်းကို လိုက်နာခဲ့ရလို့ စားရမဲ့ သောက်ရမဲ့ ငတ်ပြတ်ပြီး မသေခဲ့ပါဘူး။

တိုက်ဆိုင်စွာ ပြောချင်တာက မြန်မာနိုင်ငံက လမ်းမတွေပေါ်တက်ပြီး ကားလမ်းတွေပိတ်အောင် နေရာယူ အနှောင့်အယှက်ပေး ဈေးရောင်းတဲ့သူတွေ၊ လူသွား ပလက်ဖောင်းတွေပေါ်တက်ပြီး ဈေးရောင်းသူတွေ ကတော့ ဖမ်းတဲ့တာဝန်ရှိသူတွေကို ခုချိန်မှာ ငိုကြယိုကြ ပြန်ရန်တွေ့ကြမှာပါ။ ဒါပေမဲ့ မြန်မာအစိုးရ အနေနဲ့ ဥပဒေတရပ်ပြဌာန်းပြီး စည်းမဲ့ကမ်းမဲ့တွေကို ဖမ်းကို ဖမ်းရမှာ ဖြစ်ပါတယ်။

လမ်းဘေး အစားအသောက် ရောင်းတဲ့ ဆိုင်တွေ လုံးဝ ပျောက်အောင် လုပ်ရမှာပါ။ နောက်ပြီး စားသောက်ကုန်လုပ်ငန်းတွေ အားလုံးရော၊ အစားအသောက်ရောင်းတဲ့ဆိုင်တွေ အားလုံးရော စနစ်တကျ မှတ်ပုံတင်ခိုင်းရမှာပါ။
သတ်မှတ်ထားတဲ့နေရာမှာ မှတ်ပုံတင်ပြီး ရောင်းခဲ့ရင်တောင် ရောင်းတဲ့ အစားအစာတွေက ကျန်းမာရေးနဲ့ ညီညွတ်မှုရှိမရှိ၊ သန့်ရှင်းမှုရှိမရှိ ၊ မရှိရင် ပိတ်သိမ်းတဲ့ အထိ အရေးဆက်ယူရမှာပါ။

စနစ်တကျ မှတ်ပုံတင်ထားခြင်း မရှိတော့ အစားအသောက်တွေက ကျန်းမာရေးနဲ့ ညီညွတ်လား မညီညွတ်လား စနစ်တကျ မစစ်ဆေးနိုင်လို့ ရောဂါဘယ ထူပြောနေတာတွေလည်း မြန်မာအစိုးရ၊ စည်ပင်နဲ့ ကျန်းမာရေး ဝန်ကြီးဌာန တွေ ဆက်လုပ်ဆောင်ရမဲ့ တာဝန်ပါ။စင်္ကာပူလိုလည်း လှပသန့်ရှင်း ချင်သေး၊ စည်းမဲ့ ကမ်းမဲ့တာတွေလည်း မလျော့ချင်သေး ဆိုရင်တော့ နတ်ရေကန်ထဲ မြန်မာပြည် ပစ်ချပေးမဲ့ သူရှိတောင်….. ။

Credit – War War

Be the first to comment

Leave a Reply

Your email address will not be published.


*