မျက် ခုံးတွေ ဘာလို့ လှုပ်နေတာလဲ၊ မျက် ကွင်းတွေ ဘာလို့ ညိုနေတာလဲနဲ့ အခြား သိချင်စရာလေးများ

မျက် ခုံး ခဏခဏ လှုပ်နေရင် ဘာများဖြစ်မလဲဟု စိတ်ထင့်လာတတ်သည်။ မျက် ကွင်းတွေ ညိုလာပြီဆို တစ်ခုခုများ ဖြစ်တော့မလား စိုးရိမ်ကြသည်။ အအိပ်များသွားလျှင် ကိုယ်လက်မအီမသာတွေ ဖြစ်ပြီး လေးလံထိုင်းမှိုင်း သွားရတာကရော ဘာကြောင့်လဲ။ လူပင်ပန်းလာရင်း ဖြူဖတ်ဖြူရော် ဖြစ်သွားတာ ကရော အသို့နည်း။

ဇတ်ခနဲ ဇတ်ခနဲ မျက်ခုံးလှုပ်တာ ဘာကြောင့်လဲ။

လူသည် ပင်ပန်း နွမ်းနယ်နေသည့်အခါ၊ စိတ်ဖိစီးနေသည့်အခါ၊ အသောက်လွန်သည့် အခါမျိုးတွင် အာရုံကြောများ အားနည်းလာတတ်သည်။ မျက်လုံးတစ်ဝိုက်က ကြွက်သားများသည် နူးညံ့သိမ်မွေ့ကြသည်။ ၎င်းတို့ကို ထိန်းချုပ်သော အာရုံကြောစနစ် အားနည်းပါက လှုပ်ရှားမှု ဖောက်ပြန်တတ်ပြီး ဇတ်ခနဲ ဇတ်ခနဲ ဆောင့်ပြီး လှုပ်ရှားတတ်ကြသည်။

ထိုသို့ လှုှုပ်ခြင်းကို မျက်ခုံးလှုပ်ခြင်း (သို့မဟုတ်) မျက်ခွံတွေ လှုပ်နေခြင်းဟု ဆိုကြခြင်း ဖြစ်သည်။ အိပ်ရေး၀၀ အိပ်လိုက်ပြီး လူက လန်းဆန်း အားရှိသွားလျှင် ထိုသို့ လှုပ်နေတာ အလိုလို ပျောက်သွားသည်။ အသောက်လွန်လို့ ဖြစ်ရသူများ အနေဖြင့်လည်း အသောက်လျှော့ခြင်းဖြင့် ထိုကိစ္စ ပြေလည်နိုင်သည်။

အိပ်ရာနိုးရင် အာပုပ်စော်ဘာကြောင့် နံ။

အာခြောက်ခြင်းကြောင့် ဖြစ်သည်။ ပလုတ်ကျင်းလိုက်ရုံ၊ သွားတိုက်လိုက်ရုံနှင့် အနံ့ပျောက်သည်။ အိပ်နေချိန်တွင် တံတွေးထွက်နှုန်း နည်းခြင်း၊ အိမ်နေစဉ် ပါးစပ်ဟကာ အသက်ရူခြင်း တို့ကြောင့် လေဝင်ကာ ပါးစပ်ထဲက တံတွေးခြောက် သွားရသည်။ ထိုသို့ ခြောက်သွားသည့်အခါ ပါးစပ်ထဲက ဘက်တီးရီးယားများ၊ စားကြွင်း စားကျန်များ ပုပ်သိုးခြောက်သွေ့ပြီး ဆာလဖာ ဓာတ်ထွက်လာသည်။ အာပုပ်စော်သည် ထိုဆာလဖာနံ့ ဖြစ်သည်။

မျက်ကွင်းညိုတာ ဘာကြောင့်လဲ။

မျက်ကွင်းညိုခြင်းသည် အရေပြား ပြဿနာကြောင့် မဟုတ်။ အရေပြား တင်းရင်း သိပ်သည်းမှု လျော့နည်းသွားသဖြင့် မျက်လုံးအောက်က သွေးကြောများကို လှမ်းမြင်ရခြင်းသာ ဖြစ်သည်။

လူက ပင်ပန်း၊ ခန္ဓာကိုယ်က ရေငတ်လာသည့်အခါ အရေပြားသည် ရေဓာတ်ခန်း ခြောက်လာသည်။ ထိုသို့ ရေဓာတ်ခန်း ခြောက်လာသည်တွင် မျက်လုံးအောက်က အရေပြားသည် တင်းရင်းမှု လျော့နည်းသွားသဖြင့် အောက်က သွေးကြောများကို လှမ်းမြင်လာရခြင်း ဖြစ်သည်။

ထိုအခါ အပြင်က ကြည့်လိုက်လျှင် မျက်ကွင်းသည် ညိုမည်းနည်း ဖြစ်နေတော့သည်။ အရေပြား ခြောက်သွေ့ပါ များသူတို့သည် မျက်ကွင်း ပိုညိုမည်းတတ်ကြသည်။ အဲကွန်း သို့မဟုတ် အနွေးပေးစက်မျိုး နားနေပါ များသူတို့သည် အရေပြား အစိုဓာတ်ခန်း ခြောက်ကာ မျက်ကွင်း ပိုညိုလေ့ရှိသည်။

အိပ်လွန်းရင် ကျန်းမာရေး ထိခိုက်နိုင်လား။

လေးကန်ထိုင်းမှိုင်း ကိုယ်လက် မအီမသာနဲ့ နိုးလာလျှင် အိပ်ရေးမဝလို့ဟု မထင်ပါနဲ့ ။ ပိုအိပ်မိခြင်းကြောင့်သာ ဖြစ်ပါသည်။ အိပ်ရေးမဝဘဲ နိုးလာပါက လူသည် အိပ်ရေးမဝသေးဘူး ဆိုတာ အလိုလို သိနေပြီး ပြန်အိပ်ချင်စိတ်က အလိုလို ပေါ်နေသည်။

အအိပ်လွန်လို့ နုံးချိပြီး နိုးလာသူကား အိပ်ရေးမဝစိတ်၊ ပြန်အိပ်ချင်စိတ်မျိုးမပေါ်၊ နုံးချိလေးကန် စိတ်သာ ပေါ်နေသည်။ ထိုသို့ ဖြစ်ရခြင်းမှာ အအိပ်လွန်ပြီး နေမြင့်မှ နိုးသူများသည် ခန္ဓာကိုယ် ဇီဝနာရီစနစ် စည်းချက် ပျက်အောင် လုပ်ရာရောက်သောကြောင့် အကျိုးဆက်အဖြစ် လူသည် ပုံမှန်လည်ပတ်မှု ပျက်ယွင်းကာ နုံးချိ ပင်ပန်းနေတော့သည်။

မိမိအိပ်ချိန်များလား နည်းလားကို မိမိဖာသာ အကဲဖြတ်ရမည်။ လူတစ်ယောက်နဲ့ တစ်ယောက် အိပ်ချိန် လိုအပ်ပုံချင်း ကွဲပြားသည်။ ပျမ်းမျှအားဖြင့် ခြောက်နာရီမှ ကိုးနာရီကြား အိပ်စက်ခြင်းသည် ပုံမှန် အိပ်ချိန်စံနှုန်း ဖြစ်သည်။ ခြောက်နာရီ အိပ်ရုံနဲ့ အိပ်ရေး၀ လန်းဆန်းသူများ ရှိသလို၊ ကိုးနာရီလောက် အိပ်ရမှ လန်းဆန်းသူများလည်း ရှိသည်။ ခြောက်နာရီထက်နည်း၊ ကိုးနာရီထက် များလျှင်တော့ ကျန်းမာရေး ထိခိုက်သည့်ဘက်ကို ရောက်သွားပြီ။

ပင်ပန်းလာရင် မျက်လုံးတွေ ဘာကြောင့် ရဲလာတာလဲ။

လူက လုပ်စရာတွေများ၊ ဖိစီးမှုတွေများပြီး အလုပ်တွေနဲ့ လုံးပမ်းကာ ပင်ပန်းနုံးချိလာပြီဆိုလျှင် မျက်တောင်ခတ်ဖို့ မေ့တတ်သည်။ ဦးနှောက် ကိုယ်တိုင်က အခြားဖိစီးမှု တွေ များလာသည့်အခါ မျက်တောင်ခတ်ဖို့ မေ့တတ်သည်။ မျက်တောင်ခတ်ခြင်းသည် အရေးကြီးသည်။

မျက်တောင်ခတ်ပါမှ မျက်ရည်များသည် မျက်လုံးအနံှ့ ရောက်ရှိကာ မျက်လုံး စိုစွတ်နေသည်။ မျက်တောင်ခတ်ဖို့ မေ့နေသည့်အခါ မျက်လုံးတွင် မျက်ရည်ခြောက်ခန်းပြီး မျက်လုံးထဲက ဆံခြည်မျှင် သွေးကြောလေးများ ရောင်ရမ်း ဖောင်းတက်လာတော့သည်။ ထိုသို့ ဖြစ်ခြင်းကို မျက်လုံးတွေ နီရဲလာခြင်းဟု ခေါ်သည်။

မျက်ရည်ခြောက်လာသည့် အခါ မျက်လုံးသည် ဖုန်ပိုကပ်ပြီး ယားလာတတ်သည်။ ထိုအခါ လူသည် လက်နဲ့ ပိုပွတ်မိပြန်သည်။ ထိုသို့ ပွတ်သည့်အခါ မျက်လုံးပိုပြီး ရဲလာတော့သည်။ အကောင်းဆုံး ကုစားရန်ကား အိပ်ရေးဝအောင် အိပ်လိုက်ရန် ဖြစ်သည်။

အိပ်ရေးဝပြီး စိတ်ကြည်သွားလျှင် မျက်တောင်ပုံမှန် ခတ်ဖြစ်သွားပြီး မျက်လုံးရဲတာလည်း ပျောက်သွားသည်။ တစ်ရေးလောက် အိပ်လိုက်ခြင်းသည်လည်း အကျိုးရှိသည်။ သို့မဟုတ်လျှင်လည်း သတိလေးထားပြီး ကိုယ့်ကိုယ့် ကိုယ် မျက်တောင်ခတ်ဖို့ သတိပေးရန် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*