မိုင်းကျက် မဟာမုနိဓမ္မဟိန်းဂူမှ ဒကာဒကာမများနှင့် သားတပည့်များအား ပေးပို့သည့် မိုင်းဖုန်းဆရာတော်ဘုရား၏ မေတ္တာစာ

မိုင်းဖုန်းဆရာတော်ဘုရား၏ မေတ္တာစာ

သာသနာတော်နှစ် ၂၅၆၄ သီတင်းကျွတ်လဆန်း ၁၅ ရက် (၃၁၊ ၁၀၊ ၂၀၂၀)

မိုင်းကျက် မဟာမုနိဓမ္မဟိန်းဂူမှ ဒကာဒကာမများနှင့် သားတပည့်များအား ပေးပို့သည့် မိုင်းဖုန်းဆရာတော်ဘုရား၏ မေတ္တာစာ

လူသူမနီး တောနက်တဲ့ မိုင်းကျက်ဂူကြီးထဲမှာ ဆရာတော်ဘုရားလည်း ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ တရားဘာဝနာတွေကို ပွားများ အားထုတ်လျက်ရှိပါတယ်။ ဒုက္ခခံစားရတာ တူနေကြတဲ့ သတ္တဝါတွေအပေါ် ဥပေက္ခာတရား ထားသင့်တဲ့ဟာထား မေတ္တာတရား ပွားပေးလျက် ဒီဂူထဲမှာ အဓိဋ္ဌာန်လာရောက် ဝင်ရခြင်းဖြစ်ပါတယ်။ ဆရာတော်လည်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာလျက် သဘာဝတရားနှင့်အညီ အိုခြင်းဇရာနဲ့အတူ ဖြတ်သန်းနေရပါတယ်။

တရားဘာဝနာ အားထုတ်ရတာလည်း အတော်ကို တိုးတက်ကောင်းမွန်လာပါတယ်။ နေ့စဉ် သစ္စာအမှန်တရားနဲ့အတူ ပီတိဖြစ်မိပါတယ်။ နောင်တရစရာ အကြောင်လဲ မရှိပါဘူး။ လိုချင်တောင့်တ စိတ်လဲ မရှိပါဘူး။ လျောင်း ထိုင် ရပ် သွား ဣရိယာပုတ်လေးပါးဖြင့် သတိပဋ္ဌာန်တရား ၄ ပါးကို ပွားများပါတယ်။ရုပ်နာမ် သင်္ခါရရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဖြစ်ပျက်မှု သုညဓါတ်တွေကို ရှုမှတ်ပါတယ်။ ဒီခန္ဓာကိုယ်ကြီးကတော့ အလကားမနေပါဘူး၊ စားရင်းသောက်ရင်း သေနေ့ကို စောင့်နေတဲ့ ခန္ဓာကိုယ်ကြီးပါ။

လောကကြီးဟာ ဖြစ်ပေါ်ပြောင်းလဲ မတည်မြဲတဲ့ သင်္ခါရလောကကြီးပါ။ မိမိရဲ့ အလိုအတိုင်း မဖြစ်တဲ့ အနတ္တသဘောပါပဲ။

အကြောင်း အကျိုးကြောင့် ဖြစ်ပေါ်ပြောင်းလဲတဲ့ သင်္ခါရပါ။ ဓါတ်သဘော သဘာဝအရ ဖြစ်နေကြတာမို့ ပထဝီ အာပေါ တေဇော ဝါယော ဓါတ်ကြီးလေးပါးဟာလည်း သူတို့ရဲ့ ပင်ကိုယ်သဘောအတိုင်း မြေ၊ ရေ၊ မီး၊ လေအဖြစ် ဖြစ်ပျက်ပြောင်းလဲကြပါတယ်။ ဓါတ်ကြီးလေးပါအပြင် အာကာသဓါတ်၊ ဝိညာဏဓါတ်၊ မနောဓါတ်တွေကလည်း ဒလစပ် ဖြစ်ပျက်ပြောင်းလဲနေတဲ့ သဘောတွေပါပဲ။ ရုပ်နာမ်ဖြစ်ပျက်ကလွှဲပြီး ဘာမှ မရှိတော့ပါဘူး။
မနောဝိညာဏဓါတ်ကလည်း အကြောင်းအကျိုးကြောင့် ဆိုင်ရာ ကုသိုလ် အကုသိုလ်အဖြစ် ဘဝသံသရာမှာ အကျိုးပေးသွားပါမယ်။ နိဗ္ဗာန် အမတကို မရောက်မခြင်း ကိစ္စ မပြီးပြတ်နိုင်သေးပါဘူး။ နိဗ္ဗာန် မရောက်သေးသမျှ ဘဝသံသရာမှာ စုန်ဆန်နေရပါဦးမယ်။ မွေးရာမှ သေသည့်အထိ ဒုက္ခတွေ ပြည့်နှက်နေတဲ့ လောကကြီးကို သံဝေဂတရား ရကြပါကုန်။ ပဋိသန္ဓေဘေး အိုဘေး နာဘေး သေဘေးတွေကို ရှုမြင်ကြပါ။ ဘယ်အရာမှ မတည်မြဲပါဘူး။ ဒီခန္ဓာကိုယ်ကြီးလည်း တစ်နေ့ကျရင် သေပြီးပုတ် လောက်တက်မည့် ခန္ဓာကိုယ်ကို အသုဘတရားအဖြစ် ရှုမှတ်ကြပါ။
သစ္စာတရားကိုရှာပါ။ ရုပ်နာမ်ခပ်သိမ်း ကင်းငြိမ်းတဲ့ နိဗ္ဗာန်သည်သာ ဒုက္ခအပေါင်း ဆိတ်သုဉ်းမှာဖြစ်တယ်။
ဆရာတော်ကတော့ မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ်ကို ကျင့်ပါတယ်။ သတိအမြဲထားကာ ကိုယ်စိတ်နှစ်ဖြာ ပေါ့ပါးစွာနဲ့ တရားအားထုတ်လျက်ပါ။
သစ်ပင်ပန်းမာလ် တောတောင်သဘာဝတိုင်းဟာ ရှုတတ်ရင် စိတ်ကို သွန်သင်ပေးတဲ့ သဘာဝတရားတွေပါ။
ဆရာတော် သီတင်းသုံးတဲ့ ဂူအနားမှာ တောတောင်တွေမှာ သားငှက်တိရစ္ဆာန်လေးလေးတွေ သူတို့ဘာသာဘာဝ သီကျူးနေတာတွေလည်း စိတ်ကို အေးချမ်းစေပါတယ်။

ဆရာတော်ကတော့ တစ်ပါးတည်းနေ တစ်စိတ်ထဲထားကာ သန္တသုခနိဗ္ဗာန်အတွက် ကြိုးစားလျက်ပါ။
စီးနေတဲ့ သံလွင်မြစ်ရေလို မရပ်မနားဘဲ အချိန်တွေကုန်ဆုံးသွားတာ မြန်လိုက်တာ။
သိပ်မကြာခင်မှာဘဲ ၃ နှစ်ပြည့်ပါတော့မယ်။ အသက်တွေလည်း ကြီးကြီးလာကာ နောက်ထပ် ၁ နှစ်ကျောက်ကျော်ဆိုရင် ဆရာတော်လည်း သက်တော် ၆၀ ပြည့်ပါတော့မယ်။ နောက်ထပ် ဘယ်လောက် နေသွားရမလဲဆိုတာ မသိနိုင်ဘူး။
ဆရာတော်ကတော့ သေမှာလဲ မကြောက်ဘူး။ သေလဲ မသေချင်သေးဘူး။ ကုသိုလ်တရား ပေးသလောက် နေရမှာပါ။ နေခွင့်ရတဲ့အချိန်ဟာ သတ္တဝါတွေအတွက် မေတ္တာထားနိုင်တဲ့ အချိန်ဖြစ်စေမှာပါ။
သင်္ခါရတရားဆိုတာ ဘယ်ဟာမှ မမြဲဘူး။
သတ္တဝါတွေ တူညီတာ တစ်ခုရှိတယ်၊ အဲဒါ သေခြင်းပါ။
ဒါကြောင့် မသေခင်မှာ သတိတရား သံဝေဂတရား ရှိဖို့လိုတယ်။ မမေ့မလျော့ကြနဲ့။
မသေခင်မှာ ကုသိုလ်လုပ်ဖို့ ရဲရဲရင့်ရင့် စောစောစီးစီး ဆုံးဖြတ်ပါ။
မမေ့မလျော့စေနဲ့။ ပညာ သမ္မာဒိဋ္ဌိ ဦးဆောင် သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာကို ဖြည့်ဆည်း။
ဘုရားရှင်တိုင်းရဲ့ သြဝါဒဖြစ်တဲ့ မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား ဆိုတာကို ဖြည့်ဆည်းထား။
ကုသိုလ်တွေ များများစု။ စိတ်ကို လောဘ ဒေါသ မောဟ တဏှာ အဝိဇ္ဇာ ဥပါဒါန်ကင်းအောင်ထား။
သတ္တဝါတွေအပေါ် စိတ်ကောင်းအဖြစ် တူမျှတဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတ၊ ဥပေက္ခာထားကြပါ။
ပညာရှိသူတော်ကောင်းအပေါင်းတို့ မမေ့မလျော့ဘဲ သံသရာဒုက္ခဘေးကို ကြောက်ရွံ့ကြကုန်လော။
တန်ဘိုးရှိလှတဲ့ အချိန်ကို အလဟသမဖြစ်စေနဲ့။
တန်ဘိုးရှိတဲ့ အချိန်တွေကို ကုသိုလ်ရေးရာဖြစ်တဲ့ ဒါန သီလ သမထ ဝိပဿနာကို ဖြည့်ဆည်းကြ။
သတိပဋ္ဌာန်လေးပါးဖြင့် ဖြစ်ပျက်သဘောသဘာဝကို ရှုမြင်ကြ။

ရုပ်နာမ်ခန္ဓာရဲ့ အနိစ္စဖြစ်ပျက် ဒုက္ခဖြစ်ပျက် အနတ္တဖြစ်ပျက် မြင်ဖို့ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ဗိုလ်ငါးပါး ညီရပါမယ်။
ဝိပဿနာတရားကို ကျင့်ကြံအားထုတ်သွားရင် မဂ်ဖိုလ်နိဗ္ဗာန်ကို ဆိုက်ရောက်ပါမယ်။
ပညာရှိသူတော်ကောင်းတို့သည် ငြိမ်းချမ်းတဲ့ နိဗ္ဗာန်ကို ရှာကြံကြကုန်၏။
ပညာမဲ့ သူယုတ်မာတို့သည် အတိဒုက္ခဖြစ်တဲ့ သံသရာကို ရှည်အောင်ပွားကြကုန်၏။
သီလနှင့်အညီ တရားနှင့် အညီ နေထိုင်ကျင့်ကြံလျင် ဒုက္ခမှ လွှတ်မြောက်၏။
လောဘ ကင်းတဲ့ စိတ်ဟာ တကယ်ချမ်းသာလှပါတယ်။
ဒေါသ ကင်းတဲ့ စိတ်ဟာ တကယ်ချမ်းသာလှပါတယ်။
မောဟ ကင်းတဲ့ စိတ်ဟာ တကယ်ချမ်းသာလှပါတယ်။
လောဘကိုပယ်ချင်ရင် ဒါနကို ပွား။
ဒေါသကို ပယ်ချင်ရင် သီလစောင့်၊ မေတ္တာပွား၊ ကရုဏာထား။
မောဟကို ပယ်ချင်ရင် သမထဘာဝနာ ဝိပဿနာ ဘာဝနာပွား။
နိဗ္ဗာန်ခရီးဟာ မဝေးပါ စိတ်သာထားတတ်ရင်။
တရားမြင်သူသည် ဘုရားကို မြင်၏။ တရား မမြင်သူသည် ဘုရားကို မမြင်ပါ။
တရားနဲ့ နေတဲ့သူသည် နိဗ္ဗာန်ကို ဆိုက်ရောက်ရလေ၏။
စိတ်ထားတတ်ရင် စိတ်ထိန်းတတ်ရင် ဒုက္ခအပေါင်းမှ ကင်းဝေးပါမယ်။
စိတ်ကောင်းထားတတ်ရင် အပူအပင်ကင်းပါတယ်။
ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကို အနှစ်ချုပ်လိုက်ရင် အပ္ပမာဒ မမေ့လျော့ခြင်း သတိတစ်လုံးနဲ့ လုံလောက်တယ်။
တရားတော်ဆိုတာ လူနတ်ဗြဟ္မာတွေကို ဒုက္ခမှ ကင်းလွှတ်စေပါတယ်။
သီလမရှိရင် တရားမရှိရင် မျက်ရည်ပင်လယ်ဝေရမယ်။
ရုပ်နာမ်ခန္ဓာရဲ့ ဖြစ်ပျက်မှုကို မြင်ရင် ဒုက္ခအပေါင်း ကင်းငြိမ်းပါမယ်။
တရားမသိ ဘေးရန်ရှိ၊ တရားသိ ဘေးရန်မရှိ။
တရားမမြင် သံသရာရှင်၊ တရားမြင် သံသရာမရှင်။

ဖြစ်ပျက်မြင်ရင် အသက်ရှင် လွန်ပင်တန်ဘိုးရှိ။
ဖြစ်ပျက်မမြင် အသက်ရှင် လွန်ပင်တန်းဘိုးမရှိ။
သိသောသူသည် မယူ (အကုသိုလ်)၊ ယူသောသူသည် မသိ (အကုသိုလ်)။
လေးလံတဲ့ (အကုသိုလ်)ကို မယူပါနဲ့၊ မိမိကိုယ်ကိုလည်း မမုန်းပါနဲ့ မချစ်ပါနဲ့ (အကျိုးရှိအောင် အသုံးချပါ)
အဆိပ်ပြင်းတဲ့ မြွေဟောက် (ဒေါသ) စိတ်ထဲ မမွေးပါနဲ့။
လောဘ ဒေါသ မောဟ အဝိဇ္ဇာ တဏှာ မာန ဒိဋ္ဌိ ဥပါဒါန်ကင်းကွာရင် ချမ်းသာတဲ့ နိဗ္ဗာန်ဝင်။
အစားအစာပေးကမ်းခြင်းဖြင့် ချစ်ခြင်းကို ဖြစ်ပေါ်စေ၏။ သီလစောင့်ခြင်းသည် နိဗ္ဗာန်လမ်း ဖွင့်စေခြင်းတည်း။
အေးမြတဲ့ရေ အရသာရှိတာဟာ ရေခတ်တဲ့သူရဲ့ စေတနာပေါ် မူတည်တယ်။
ဟင်းကောင်းတယ် မြိန်တယ်ဆိုတာ ချက်တဲ့သူရဲ့ စေတနာလက်ရာကြောင့်ပါ။
ကျောက်ကောင်းဆိုတာ ကျောက်သွေးသမားကြောင့်ပါ။
လူကောင်းဆိုတာလည်း မိမိက မြင်တတ်မှပါ။
ကောင်းတာကို သုံးဆောင်ပါ၊ မြတ်တာကို လှူဒါန်းပါ။
ရွှေစစ် ကျောက်စစ်ဆိုတာ တန်ဘိုးရှိတယ်။ လူရဲ့ တန်ဘိုးကတော့ ကောင်းမှုလုပ်ခြင်းပဲ။
တန်ဘိုးကြီးတဲ့ အရာထဲမှာ မေတ္တာလဲပါတယ်။
နတ်ပြည်ရောက်တယ်ဆိုတာ ဒါနကြောင့်ပါ။ နေရာကတော့ စိတ်ပေါ်မူတယ်တယ်။
မေတ္တာစိတ်ရှိရင် သတ္တဝါတွေ ချစ်ခင်ကြတယ်။ စိတ်ချမ်းသာပြီး နိဗ္ဗာန်လမ်းပွင့်စေတယ်။
လူရဲ့ ခွန်အားဟာ အစားအစာအပေါ် မူတည်တယ်။ ဘုန်းကြီးရဲ့ ခွန်အားဟာ ဒကာတွေအပေါ် မူတည်တယ်။
သာသနာတော်ရဲ့ အင်အားဟာ စည်းလုံးညီညွှတ်ခြင်းပေါ် မူတည်တယ်။
စိတ်စင်ကြယ်မှုကြောင့် ဒါနဟာ ပွားစီးတယ်။ သတိကြောင့် သီလ စင်ကြယ်တယ်။
တဏှာ ကိလေသာကို ပယ်ခွာနိုင်လို့ သမာဓိမြဲတယ်။
အပင်ကြီးရင် အစောင့်နတ်ရှိတယ်။ ချောတဲ့သူလည်း ပိုင်ရှင်ရှိတယ်။
ဆန်ကုန်ခါနီးလေ အစားက ကြီးတတ်လေဖြစ်တတ်တယ်။ ဆင်းရဲတွင်းနက်လေ အပျင်းထူလေ ဖြစ်တတ်တယ်။
ပညာ ဥစ္စာဆိုတာ ကြိုးစားရှာတဲ့သူတွေပဲ ရတယ်။
မိုင်းကျက်ဂူထဲမှာ တရားလာရောက်အားထုတ်ရတာ ဆရာတော် အရမ်းဝမ်းသာပါတယ်။ တရားတွေ ပွားများရတယ်။ နိမိတ်ကောင်းတွေ မြင်တွေ့ရပါတယ်။ တရားစာတွေ ရေးသားပြီး လူအများကို လှူဒါန်းခဲ့ရတယ်။ ဘုရားရှင်ရဲ့ သာသနာတော်အတွက် အကျင့်လမ်းစဉ်တွေ မြင်ရအောင် အားဖြည့်ပေးခဲ့ရတယ်။
တန်ဘိုးရှိတဲ့ အချိန်တွေ ကုန်ဆုံးသွားရင်း သုံးနှစ်ပြည့်ပါတော့မယ်။ ဒကာဒကာမတွေ လှူဒါန်းလာတဲ့ ဆွမ်းသစ်သီးဝလံ ပစ္စည်းလေးပါတွေရဲ့ ကျေးဇူးကို ဘာမှလဲ ဟုတ်တိပတ်တိ မဆပ်ရသေးဘူး။

ရတနာသုံးပါးကို ယုံကြည်ကြတဲ့ ဒကာဒကာမတွေ၊ မိုင်းဖုန်းဆရာတော်ရဲ့ သီလ သမာဓိ ပညာ မေတ္တာ ကရုဏာကို ယုံကြည်ကြတဲ့ ဒကာဒကာမတွေ နိဗ္ဗာန်ရည်မျှော်ပြီး ကုသိုလ်အလို့ငှါ နေ့စဉ်နေ့တိုင်း ဒါန သီလ ဘာဝနာကို ဆည်းပူးကြတယ်။ သာသနာတော်ကို ထောက်ပံ့ကြတယ်။ မိုင်းကျက်က ဒကာဒကာမတွေ နေပူမိုးရွာမရှောင် ကုသိုလ်အရေးကို ဦးစားပေး ဆောင်ရွက်ကြတာကို ဆရာတော်က ဝမ်းမြှောက်နုမော် သာဓုခေါ်ပါတယ်။
နောက်ပြီး ရှမ်းပြည် မြန်မာပြည် လောပြည် တရုတ်ပြည် ထိုင်းပြည် မောပြည် မူဆယ် နမ့်ခမ်း ကျိုင်းတုံ တောင်ကြီး ကာလိ ကွန်ဟိန်း ပင်လုံ လဲချား မိုင်းကိုင် မိုင်းဆတ် မိုင်းတုံ တာချီလိတ် မိုင်းဖုန်း နားကောင်းမူး မိုင်းပူးအွန် မိုင်းပူးလုံ မိုင်းပျဉ်းအပါအဝင် ရပ်နီးရပ်ဝေး ဒကာဒကာမများ မိုင်းဖုန်းဆရာတော်ရဲ့ ပါရမီကို ကူညီဖြည့်ဆည်းပေးခဲ့ကြတာ ဆရာတော်က မေတ္တာအထူးပို့သပေးပါတယ်။ တပည့်ဒကာဒကာမအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ၊ ဘေးရန်ခပ်သိမ်း ရောဂါခပ်သိမ်း ကင်းငြိမ်းကြပါစေ။
အိပ်နေချိန်၊ ထိုင်နေချိန်၊ သွားနေချိန် ရပ်နေချိန် အချိန်တိုင်း ဘေးကင်းကြပါစေ။
ရွှေငွေရတနာပေါကြွယ်ကြပါစေ၊ သီလနှင့် တရားလည်း ပေါကြွယ်ကြပါစေ။
သာသနာတော် အဓွန့်ရှည်အောင် ထောက်ပံ့နိုင်ပါစေ။
အာယု ဝဏ္ဏ သုခ ဗလ ပဋိဘာန အကျိုးငါးပါး ပြည့်ဝပါစေ။
လောကအကျိုး ဓမ္မအကျိုး ပွားတိုးပါစေ။
လောကီချမ်းသာ လောကုတ္တရာချမ်းသာ ပွားတိုးကာ နိဗ္ဗာန်ချမ်းသာကို ရရှိပိုင်ပိုင် ခံစားနိုင်ကြပါစေ။

သာဓု သာဓု သာဓု

အရညဝါသီ မိုင်းဖုန်းဆရာတော်

 

(မိုင်းဖုန်းဆရာတော်၏ လက်ရေးမူကို ဦးမဟာဝုန်း (မိုင်းပျဉ်း) မှ ပို့ပေးပြီး တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ မှ တာဝန်ခံ ဘာသာပြန်ပေးပါတယ်။ သုခိ အတ္တာနံ ပရိဟရန္တု ချမ်းသာစွာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ထမ်းဆောင်နိုင်ကြပါစေ)

 

ဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း) အဂ္ဂမဟာကမ္မဌာနာစရိယထံ ဦးတင်လျှောက်ထားပြီး ကူးယူဖော်ပြပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*