ပထမဆုံး တက်တူးအတွက် ဘယ်နေရာတွေက အသင့်တော်ဆုံးလဲ၊ ဘာတွေသိထားရမလဲဆိုတာ

ပထမဆုံး တက်တူးထိုးတော့မယ်ဆို ဘယ်သူမဆို စိတ်လှုပ်ရှား ရင်ခုန်ကြတာပါပဲ။ ဘာထိုးရမလဲဆိုတာ သိရင်တောင် ဘယ်နေရာမှာ ထိုးရင်ကောင်းမလဲဆိုပြီး ထိုးဖူးတဲ့သူတွေ၊ တက်တူးဆရာတွေကို မေးတတ်ကြပါတယ်။ တစ်ချို့ကလည်း ကိုယ်ထိုးချင်တဲ့နေရာက သိပ်များနာနေမလား ဆိုပြီး စိုးရိမ်ကြပြန်ပါတယ်။ အရေးကြီးဆုံးတစ်ချက်ကတော့ ပထမဆုံး တက်တူးထိုးမယ်ဆို လက်ရာကောင်းတဲ့ တက်တူးဆရာနဲ့ ထိုးကိုထိုးသင့်ပါတယ်။ ဒါမှလည်း ပထမဆုံးတက်တူးနဲ့ တက်တူးကို စိတ်ပျက်စိတ်ကုန်သွားရတာမျိုး မခံစားရမှာပါ။ သင်ရဲ့ ပထမဆုံးတက်တူးဟာ သင်ကြိုက်ပြီး တကယ့်ကို အမိုက်စားဆိုရင် သင်ဟာ နေ့တိုင်း အဲ့ဒီတက်တူးကြောင့် ပျော်ရွှင်စိတ်ကျေနပ်မှုကို ခံစားနေရပါလိမ့်မယ်။

ဒီတော့ ပထမဆုံး တက်တူးထိုးတော့မယ်ဆိုရင် တက်တူးဆရာနဲ့ သေချာ တိုင်ပင်သင့်လှပါတယ်။ ဘာပုံလေးထိုးမယ်ဆိုတာ သေချာရွေးချယ်ပြီးပြီဆိုရင် တက်တူးဆရာဆီက အကြံယူသင့်ပါတယ်။ သင်ရွေးချယ်ထားတဲ့နေရာက သင့်တော်မှု ရှိမရှိလည်း သူတို့ကို မေးမြန်းသင့်ပါတယ်။ ထိုးမယ့်နေ့ရောက်မှာ ပုံကို ရွေးချယ်တာမျိုးလည်း မဖြစ်သင့်ပါဘူး။ ကြိုတင်ရွေးချယ် တိုင်ပင်ထားတာမျိုးဟာ သင့်အတွက် အမှားနည်းသွားပါလိမ့်မယ်။ ခုနပြောဖူးသလို တက်တူးဆရာကိုလည်း ကိုယ့်အသိ သူငယ်ချင်းတွေ ညွှန်းတဲ့သူ၊ ကိုယ်လည်း သူ့လက်ရာတွေ ကြိုက်တယ်ဆိုမှသာ ရွေးသင့်ပါတယ်။ သင်ရွေးချယ်ထားတဲ့ တက်တူးပုံက တက်တူးဆရာပိုင်တဲ့လိုင်း ဖြစ်ရဲ့လားဆိုတာကိုလည်း အရင်လေ့လာပါ။

တက်တူးထိုးမယ်ဆိုရင် ပထမဆုံး တက်တူးဟာ သင်မမြင်နိုင်တဲ့ နေရာမှာထက်စာရင် သင်မြင်ရတဲ့နေရာမှာ ထိုးတာကို ပိုအားပေးပါတယ်။ တကယ်လို့ သင်က ကျောဘက်တွေ၊ ပေါင်အနောက်ဘက်တွေ၊ ခြေသလုံး အနောက်၊ ခါးနောက်ပိုင်းတွေဆိုရင် သင်ဒါကို သေချာလည်း မမြင်ရသလို ပုံက ကိုယ်လိုချင်တဲ့အတိုင်း ထွက်နေရင်တောင် သင်နေ့တိုင်း မမြင်တွေ့ရတာကြောင့် စိတ်ထဲ တမျိုးတမည် ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ပထမဆုံးတက်တူးဟာ သင်နေ့တိုင်း မြင်တွေ့နေရတဲ့ နေရာမှာ ထိုးသင့်လှပါတယ်။

နောက်တစ်ချက် ထည့်စဉ်းစားရမှာကတော့ ခန္ဓာကိုယ် အပြောင်းအလဲတွေ ဖြစ်တတ်တဲ့ နေရာတွေကို မရွေးချယ်ဖို့ပါပဲ။ ဥပမာ ကိုယ်အလေးချိန်တိုးလာတဲ့အခါ၊ အသက်ကြီးလာတဲ့အခါမျိုးမှာ သင်ထိုးထားတဲ့တက်တူးက အပြောင်းအလဲ ဖြစ်သွားမယ်ဆိုရင် သင်လည်း စိတ်ပျက်သွားရမှာမို့ပါ။ အဲ့ဒီနေရာတွေကတော့ ရင်သား၊ ဝမ်းဗိုက်သားနဲ့ ပေါင်အတွင်းသားနေရာတွေပါပဲ။ ဒီနေရာတွေက သင်ဝလာတဲ့အခါ၊ ပိန်သွားတဲ့အခါ၊ ဗိုက်ကို ဆာဂျူရီ လုပ်တဲ့အခါ စသဖြင့် ခန္ဓာကိုယ်အပြောင်းအလဲ အဖြစ်များတဲ့ နေရာတွေမို့လိုပါပဲ။ တက်တူးကို ထိုးချင်ပေမယ့် နာကျင်မှာကို အရမ်းစိုးရိမ်တဲ့သူတွေအနေနဲ့ ခြေခုံ၊ လက်ဆစ်၊ နံရိုး၊ ဒူးခေါင်း နဲ့ ဗိုက်သားတွေကိုလည်း ရှောင်ပြီး ထိုးသင့်ပါတယ်။

ပထမဆုံး တက်တူးထိုးမယ်ဆို အရွယ်အစား ရွေးချယ်မှုကလည်း အရေးကြီးပါသေးတယ်။ ပထမဆုံးတက်တူးဆိုပြီး အရမ်းသေးတာမျိုးလေး ရွေးတာထက် ပုံထွက်ပိုတိကျပြီးလှမယ့် အရမ်းမသေး၊ အရမ်းလည်း မကြီးတဲ့ တက်တူးမျိုးကို ရွေးသင့်ပါတယ်။ အရွယ်အစားအရမ်းကြီးတာမျိုး တန်းရွေးချယ်ပြီး ထိုးတာမျိုးကတော့ ပထမဆုံး တက်တူးအတွက် သေချာစဉ်းစားသင့်ပါတယ်။ ဘာလို့လဲဆို ထိုးနေတုန်း နာကျင်မှုဒဏ်ကို ခံနိုင်မခံနိုင် ရှိသလို၊ တစ်ဝက်တစ်ပျက်နဲ့ ဆက်မထိုးနိုင်တာမျိုးတွေ ကြုံနိုင်တာမို့လို့ပါ။ လူတော်တော်များများကတော့ ပထမဆုံးအကြိမ်မှာ သေးသေးလေးတွေနဲ့ စကြတာလည်း ရှိပါတယ်။

ပထမဆုံး တက်တူးစထိုးတော့မယ်ဆို သင့်ဘက်က ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ်လိုချင်တဲ့ တက်တူးကို သေချာသိဖို့ပါ။ ဒါ့ကြောင့်လည်း ကိုယ်ထိုးမယ့်တက်တူးပုံကို သေချာထိုးပေးနိုင်မယ့် တက်တူးဆရာကို ရွေးချယ်မှုက လွန်စွာ အရေးပါပါတယ်။ ကိုယ်ထိုးမယ့် တက်တူးဆရာဟာ ကိုယ့်အတွက် အေးဆေးဖြစ်ပြီး သက်တောင့်သက်သာလည်း ရှိမယ့်သူ ဖြစ်ရပါမယ်။

ဒါ့ကြောင့် ပထမဆုံးတက်တူးထားတာမျိုးဟာ တကယ့်ကို အရေးကြီးတဲ့အရာဖြစ်သလို သင့်အတွက် အားအင်တွေ၊ ယုံကြည်မှု၊ စိတ်ခွန်အားတွေ ယူဆောင်ပေးနိုင်တာကို သတိရရင်း သင့်အတွက် စိတ်ပျက်စရာ နောင်တတွေကိုလည်း ယူဆောင်လာနိုင်သေးတာမို့ အချိန်ပေး သေချာစဉ်းစားပါလို့။

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*