ကမ်းခြေမှာ Hello Kitty ဝတ်စုံဝတ်ပြီး နေထိုင်စားသောက်နိုင်ဖို့ ရုန်းကန်နေရတဲ့ အဘွားအိုရဲ့အဖြစ်ဆိုး

မလေးရှားနိုင်ငံ ၊ Teluk Cempedak ကမ်းခြေမှာ ကာတွန်းဇာတ်ရုပ်ဝတ်စုံလေးတွေဝတ်ပြီး ဖျော်ဖြေတင်ဆက်မှုပေးနေတဲ့ Siti Endon အမည်ရှိတဲ့ အသက် 57 နှစ်အရွယ်အမျိုးသမီးကြီးတစ်ဦးဟာ ယခုလက်ရှိ သွားလာမှုတွေကန့်သတ်လိုက်ပြီး ၊ နေအိမ်တွင်းမှာသာနေထိုင်ခိုင်းတဲ့ Covid -19 ရောဂါအခြေအနေတွေကြောင့် အတော်လေးစိတ်ထိခိုက်နေလျက်ရှိပါတယ် ။

သူမရဲ့ Hello Kitty ဝတ်စုံနဲ့ ဖျော်ဖြေတင်ဆက်မှုတွေဟာ အတော်လေးကိုနာမည်ကြီးလျက်ရှိပေမဲ့လို့ ယခုလိုကပ်ဆိုးရောဂါအခြေအနေကြောင့် သူမဟာခရီးသွားရာသီဖြစ်ပေမဲ့လည်း ဝင်ငွေလုံးဝမရှိတော့တဲ့အထိကို ဒုက္ခရောက်နေလျက်ရှိပါတယ် ။ သူမဟာ အခြားသော Doraemon နှင့် Snow White စသော ဝတ်စုံများကိုဝတ်ပြီး ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ခဲ့ပါသေးတယ် ။

” ဝမ်းနည်းဖို့ကောင်းတာက အခုလို virus ကူးစက်ပျံ့နှံ့မှုတွေကြောင့် ကမ်းခြေကိုလည်းပိတ်ထားပြီး လူတွေကိုလည်း အိမ်အပြင်မပေးထွက်တော့ပါဘူး ၊ အခုလိုနွေရာသီကျောင်းပိတ်ရက်ဟာ ကျွန်မအတွက်ရွှေမိုးရွာချသလို အပိုဝင်ငွေရှာနိုင်မဲ့အခွင့်အရေးဆိုပေမဲ့လည်း အခုတော့အိမ်မက်ဆိုးလိုပါပဲ ” ဆိုပြီး အပိုဝင်ငွေမရှာနိုင်တော့တဲ့သူမရဲ့အဖြစ်ကိုပြောပြခဲ့ပါတယ် ။

Siti ဟာ ကမ်းခြေသို့လာရောက်လည်ပတ်သူတွေကို ပိုက်ဆံတောင်းရမ်းခြင်းမျိုးမပြုလုပ်ပဲ ၊ သူမရဲ့ တင်ဆက်မှုကိုစိတ်ဝင်စားကြသူများကတော့ စေတနာရှိသလောက်သူမကို ပိုက်ဆံများပေးကမ်းခဲ့ကြတာပဲ ဖြစ်ပါတယ် ။

သူမဟာ နေ့စဉ်နေ့တိုင်းကမ်းခြေမှာ အချိန်အတော်ကြာအလုပ်လုပ်ကိုင်ပြီး သူမအတွက် နှင့် သူမကျွေးမွေထားတဲ့ ကြောင်အကောင် 50 အတွက် စားသောက်စရိတ်ကိုကြိုးစားပမ်းစား ရှာဖွေနေရလျက်ရှိပါတယ် ။သူမဟာ ကူညီကယ်ဆယ်ရေးအဖွဲ့ကနေ တစ်လကိုအိမ်ငှါးခ RM 300 ထောက်ပံ့ကြေးပုံမှန်ရနေပေမဲ့လည်း တစ်ရက်ကို သူမနဲ့ကြောင်တွေအတွက် စားသောက်စရိတ်မှာ RM 30 ခန့်ကို ချွေတာစွာအသုံးပြုနေရကြောင်း သိရှိရပါတယ် ။ သူမဟာ ယခုလိုဝတ်စုံဝတ်ဆင်ပြီး ဖျော်ဖြေမှုများပြုလုပ်နေစဉ်

ကလေးငယ်တွေကသူမအားစိတ်ဝင်စားစွာ ကြည့်တဲ့အချိန်မျိုးဆိုသူမအတော်လေး ပျော်ရွှင်ရပြီး ၊ သူမပြန်လည် ငယ်ရွယ်နုပျိုသွားသလိုခံစားရကြောင်းလည်းပြောဆိုသွားခဲ့ပါတယ် ။ ထို့အပြင်သူမနဲ့ကမ်းခြေမှာ အတူတူအလုပ်လုပ်ကိုင်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း ယခုလက်ရှိအခြေအနေတွေကြောင့် အလုပ်ကနေထွက်ပြီး အခြားအလုပ်တွေပြောင်းလုပ်နေလောက်ပြီလား ဆိုပြီးတော့ သူမကတွေးပူနေလျက်ရှိပါတယ် ။ သူမကတော့ သူမရဲ့နေ့စဉ်ဘဝကိုပြန်လည်ရောက်ရှိနိုင်ဖို့ Covid -19 ရောဂါပျောက်ကင်းသွားဖို့ မျှော်လင့်နေလျက်ရှိကြောင်းလည်း ပြောဆိုသွားခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*