ကြော့မော့နေတဲ့ ကျွန်မတို့လေယာဉ်မယ်တွေရဲ့ ကန့်လန့်ကာနောက်ကွယ်က ဇာတ်ကြောင်း

အများအမြင်မှာ အရမ်းစမတ်ကျပြီး လန်းနေတဲ့ ကျွန်မတို့ လေယာဉ်မယ်တွေရဲ့ ကန့်လန်ကာနောက်ကွယ်မှာ ဒီလိုလေးတွေ ရှိပါတယ်မောင်။

Cv form စဖြည့်တဲ့အချိန်ကတည်းက စာလုံးတွေအကုန် အကြီးနဲ့မဖြည့်မိရင် အော်တိုပယ်စာရင်းထဲရောက်သွားပြီး ဖြစ်ချင်တဲ့ လေယာဉ်မယ် အလုပ်ကလည်း ဘယ်ဆီနေမှန်းတောင် မသိလိုက်ရပါမောင်။

လူတွေ့စစ်ဆေးတဲ့အချိန်မှာလည်း ဘာမှန်းမသိမေးတဲ့မေးခွန်းတွေကိုလည်း ရွှီရှောင်ပြီးဖြေနိုင်အောင် ဉာဏ်ကိုလည်း လွှာလွှာပြီးသုံးရပါတယ်မောင်။

အရပ် ၅ပေ ၃လက်မ ကျော်ကျော်၊ အသက်ကလည်း ပြည့်၊ မျက်မှန်မတပ်ရဘဲ ကျန်းမာရေးလည်း ဒေါင်ဒေါင်မြည်၊ ရုပ်ရည်လေးလည်းအတန်အသင့် (မောင့်မျက်လုံးထဲ ဘယ်လိုမြင်မလဲမသိပေမဲ့ ကိုယ့်ဘာသာတော့ ကြည့်ပျော်ရှုပျော်လို့ပဲ မြင်တယ်မောင်။) နဲ့ သူတို့သတ်မှတ်ထားတဲ့အချက်တွေ ပြည့်စုံနေပေမဲ့ ရေမကူးတတ်ရင်ပယ်ပစ်တယ်တဲ့မောင်။

အဲ့တော့ (၆) ပေနက်ပြီး (၂၅) မီတာအကျယ်မှာ အသွားအပြန်ရေကူးရပါတယ်မောင်။ (မကူးရဲလို့ ရေကန်ဘေးမှာထိုင်ငိုနေတဲ့ လူတွေနဲ့ တစ်ဝက်မှာမြုပ်သွားတဲ့လူတွေထဲ ပါမသွားလို့ ဂုဏ်ယူလိုက်ပါမောင်။)

အဲ့အချိန်မှာ မှတ်ပုံတင်ပါမလာရင်လည်း အဆူခံကအကြီးကြီး ထိသေးတယ်လေ။ ဒီဒုက္ခတွေအကုန်ကျော်ကာ အခု ကျွန်မလေယာဉ်မယ်ဖြစ်နေပြီမောင်။

လေဟုန်ကြီး စမတ်ကျကျစီးချင်တဲ့ အိမ်မက်လေးအကောင်အထည်ပေါ်သွားပေမဲ့ အဲ့နောက်ဆက်တွဲတွေကလည်း မလွယ်လှပါဘူးမောင်။

ဆံထုံးကို ကျစ်နေအောင်ထုံးပြီး သနပ်ခါးကြောင်ချီးတောင် သိပ်မကပ်ခဲ့တဲ့မျက်နှာမှာ မိတ်ကပ်ပါးပါးလေး အမြဲရှိနေရပါတယ်မောင်။ (မျက်ခုံးမျှော့ကပ်ဆိုလည်း အပြောခံထိတာမို့ တစ်ကိုယ်ရည်မိတ်ကပ်သင်တန်းဆိုလား အဲ့ဒါလည်း အယောင်ယောင်အမှားမှားနဲ့ သွားတက်ခဲ့ရပါတယ်မောင်။)

အိမ်မှာတစ်ဖြဲနှစ်ဖြဲစားခဲ့သမျှ ကိုယ်တိုင်းချုပ်ထားတဲ့ဝတ်စုံ မတော်တော့မှာစိုးလို့ အမြဲ ကျစ်ကျစ်လျစ်လျစ်ဖြစ်နေအောင် အစားတွေလည်းတတ်နိုင်သလောက် လျှော့ရပါတယ်မောင်။

ရာသီဥတုအေးနေတဲ့အချိန် ကပ်တိုးလေးတွေရေမချိုးခဲ့သမျှ အခုဆို Flight (လေယာဉ်ချိန်) ညဉ့်သန်းခေါင်ရှိတယ်ဆိုရင်လည်း ဖုတ်ဖတ်ခါထချိုးရပါတယ်မောင်။

အအိပ်မက်လွန်းလို့ မောင်နဲ့တောင် မနက်စောစောဘုရားမတက်ဖြစ်တဲ့ကျွန်မ မနက် (၃) နာရီလောက်လည်း Flight ရှိတယ်ဆို ကုန်းရုန်းထတတ်နေပြီဆိုတာ သိစေချင်လှပြီ မောင်။

အရင်က ပြာကလပ်စိန်ပြီး ဟိုကျန်ဒီကျန်ဖြစ်ခဲ့သလောက် အခုဆို ဆံထုံးကလစ်ကအစ တစ်ခုမကျန်သေချာသိမ်းတတ်နေပြီမောင်။ (ဆံပင်တစ်မွှေးကျရင်တောင် ကမ္ဘာပျက်နေတဲ့ စီစီမမတွေကို ကြောက်တယ်လေ။)

မောင်နဲ့ မနက်တွေ့ဖို့ချိန်းထားပြီး ရုတ်တရက် Flight ဆိုရင် ထလိုက်သွားရမဲ့ ကျွန်မကို စိတ်မကောက်ပါနဲ့၊ နားလည်ပေးပါမောင်။ ပြန်ရောက်လာတဲ့အချိန်မှာတောင် ပင်ပန်းလို့ အချိန်မပေးနိုင်သေးရင်လည်း ကျွန်မရှိတဲ့နေရာကို အပြေးလာတွေ့ပေးပါမောင်။ (ကျွန်မလည်းထပ်တူလွမ်းနေလို့ပါ။)

အိမ်မှာနေရင်း စိတ်မကြည်တဲ့အချိန် မျက်နှာ (၁၆) ခေါက်ချိုးလောက်နေပေမဲ့ ခရီးသည်တွေကို ဝန်ဆောင်မှုပေးတဲ့အခါ အစွမ်းကုန်ပြုံးနေရပါတယ်မောင်။ (မောင်နဲ့စိတ်ကောက်ရင်လည်း ပြုံးနေတဲ့ပုံတွေမြင်ရင် အထင်မလွဲနဲ့ မောင်။ နှုတ်ခမ်းက ပြုံးနေပေမဲ့ ရင်ဘတ်ကငိုနေရတဲ့ ကျွန်မဘဝကို နားလည်ပေးပါမောင်။)

နောက်ဆုံး မောင်က ကျွန်မကို လက်ထပ်ခွင့်တောင်းတဲ့အချိန် လက်ခံခဲ့ပြီးတောင် ချက်ချင်းလက်မထပ်နိုင်တဲ့ ကျွန်မဘဝကို နားလည်ပေးပါမောင်။ စာချုပ်အရ လက်မထပ်နိုင်သေးတဲ့ ကျွန်မအနေအထားကို မောင်လည်းလက်ခံပေးမယ်လို့ မျှော်လင့်ပါတယ်မောင်။ ဒါကတော့ ကျွန်မတို့ လေယာဉ်မယ်တွေရဲ့ ဘဝအကြောင်းတစ်စေ့တစ်စောင်းပါမောင်။ မောင်နားလည်ပါစေ။

ဒီဆောင်းပါးအတွက် ဓာတ်ပုံလေးကို မေတ္တာဖြင့်သုံးခွင့်ပေးခဲ့တဲ့ မနှင်းသဇင်ဖြူကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

Be the first to comment

Leave a Reply

Your email address will not be published.


*