ဓမ္မရံကြီးဘုရားနှင့် ပုဂံခေတ်မှ အရက်စက်ဆုံးဘုရင်

ဓမ္မရံကြီးဘုရားသည် အေဒီ (၁၁၆၅)တွင် နရသူမင်း (ခ) ကုလားကျမင်း အေဒီ (၁၁၆၃-၁၁၆၅) တည်ခဲ့သည်။ ထု-ဓမ္မရံ၊ ဉာဏ်-သဗ္ဗညု၊ အနု-အာနန္ဒာ၊ တန်ခိုး- ရွှေစည်းခုံ ဟူသော အဆိုအရ ဓမ္မရံ ဘုရားကြီးသည် ယနေ့အချိန်အထိ မြန်မာနိုင်ငံတွင် တွေ့ရှိရသမျှ ဂူဘုရားထဲတွင် ထုထည် အကြီးမားဆုံး ဘုရားတဆူဖြစ်သည်။

နရသူသည် အလောင်းစည်သူမင်းကြီး၏ သားတော်ငယ်ဖြစ်သည်။ နရသူသည် ခမည်းတော် အလောင်းစည်သူမင်းကြီးအား ရွှေဂူကြီးဘုရားအတွင်းသို့ သွင်းကာ စောင်၊ ခေါင်းအုံး တို့ဖြင့် ဖိညှပ်သတ်ဖြတ်လိုက်သည်။ နရသူသည် ဖခင်အရင်းဖြစ်သူအား လုပ်ကြံ သတ်ဖြတ်သည်သာမက ပုဂံပြည်၏ သာသနာ ဂိုဏ်းချုပ်ကြီး အရှင် ပံ့သကူမထေရ်အား လိမ်လည်လှည့်ဖြား အကာအကွယ်ယူပြီးလျှင် နောင်တော်ကြီး မင်းရှင်စောအား နံနက်တွင် ဘိသိက်သွန်း မင်းတင်မြှောက်ပြီး ညပွဲတော်စာတွင် အဆိပ်ခတ်၍ လုပ်ကြံသတ်ဖြတ်ကာ ပုဂံပြည်ထီးနန်းအား အဓမ္မ သိမ်းပိုက်ခြင်း ပြုခဲ့သည်။

သာသနာ ဂိုဏ်းချုပ်ကြီး အရှင်ပံ့သကူမထေရ်သည် ယင်းအပြုအမူအား ကန့်ကွက်ရှုံ့ချသည့် အနေဖြင့် ပုဂံပြည်တွင် ဆက်လက်မနေတော့ပဲ သီဟိုဠ်သို့ ထွက်ခွာသွားလေသည်။

ရဟန်းရှင်လူ ပုဂံပြည်သူများသည် နရသူအား မုန်းတီးရွံရှာကြလေသည်။ ပုဂံသူပုဂံသားများသည် ဤမျှရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ် စဉ်းလဲသည့် နရသူဘုရင်အား မနှစ်မြို့၍ ရှောင်ကွင်းကြသည်။

ထို့ကြောင့်နရသူသည် ဖခင်အလောင်းစည်သူမင်းနှင့် အစ်ကိုမင်းရှင်စောတို့အား သတ်မိသည့် အတွက် နောင်တရပြီး ထိုမကောင်းမှု ပြေပျောက် စေရန်ဟူသော အဖြစ်ကို ပုဂံသူပုဂံသား တို့အားပြသ နိုင်စေရန် ရည်ရွယ်၍ ဓမ္မရံကြီး ဘုရားကို တည်ခဲ့ခြင်း ဖြစ်သည်။

ဓမ္မရံကြီးဟူသော အမည်သည် ဓမ္မရံသီ (တရားတော်၏ ထွန်းပရာ) ဟူ၍ အဓိပ္ပာယ်ရသည်။ နရပတိစည်သူ လက်ထက် ဓမ္မရံကြီးအမည်ရှိ မထေရ် ထိုဘုရားတံတိုင်း ၀င်းအတွင်း အနောက်ဘက် ထောင့်ရှိ အုတ်ကျောင်းတွင် သီတင်းသုံး ခဲ့သည့်အတွက် ထိုမထေရ်ကို အကြောင်းပြု၍ ဓမ္မရံသီဘုရားဟု ခေါ်ခဲ့ကြရာမှ ကာလကြာသော် ဓမ္မရံကြီး ဟု ပြောင်းလဲအမည် တွင်ခဲ့သည်ဟုလည်းဆိုသည်။

နောက်အဆိုတစ်ခုအရ နရသူသည် ဝေသာလီပြည်မှ ဆက်သည့် ကုလားမင်းသမီးကို သတ်သောကြောင့် ကုလားပြည်မှ ဟူးရားဆရာ ရှစ်ယောက်လာ၍ မင်းကြီးအား ဘိသိက်မြှောက်ပေးမည် ဟုဆိုကာ သန်လျက် (ဓားမြှောင်)များနှင့် ထိုးသတ်သောကြောင့် နတ်ရွာစံလေသည်။ ထိုးသို့ လုပ်ကြံရာတွင် ကိုယ်ရံတော်များမှ ဓါးမရံပေးထားသဖြင့် လုပ်ကြံခံရခြင်းကို အစွဲပြုကာ ဓါးမရံ မှ ဓမရံ ထိုမှတဆင့် ဓမ္မရံသို့ ပြောင်းလဲ အမည်တွင်ခဲ့ သည်ဟုလည်းအဆိုရှိသည်။

ဘုရားအတွင်း အုတ်နံရံတွင် ဓားစီခုတ် (အုတ်များကို သရွတ်နှင့် မစီမီ ဓားဖြင့် ရွှေခုတ်ခြင်း) အုတ်စီပုံများ၊ အမိုးခုံးများတွင် သဲကျောက်များ ညှပ်စီ၍ စီထားသည် ဘုရား၏ နံရံထောင့်များတွင် ကျင်တွယ်ပုံ ထောင့်ချုပ်
ကျောက်တုံးများ၊ နံရံနှစ်ခုတွဲ ဆက်နေစေရန် ထောင့်ချုပ် ပေါင်းကူးများဖြင့် ခိုင်မာအောင် ပြုလုပ်ထားသည်။ (ထိုသို့ ပြုလုပ် တည်ဆောက် ထားသောကြောင့် ငလျင်ဒဏ် အကြိမ်ကြိမ် ခံရသော်လည်း ထိခိုက် ပျက်စီးမှု နည်းပါးခဲ့ခြင်း ဖြစ်သည်။)

ဓမ္မရံကြီး ဘုရား၏ အုတ်စီလက်ရာသည် ကောင်းမွန်သည့်အတွက် အုတ်တစ်ချပ်နှင့် တစ်ချပ်အကြား အပ်ထိုး၍ မရနိုင်အောင် စေ့စပ်သေချာသည်ဟု ပြောစမှတ် ပြုကြရသည်။

သူတည်သော ဘုရားသည်ပုဂံတွင် အထုအထည်အကြီးမားဆုံး ဖြစ်စေခြင်သော ဆန္ဒဖြင့် နရသူကိုယ်တိုင် ကြပ်မတ်စစ်ဆေးသည် လူပေါင်းများစွာ၊ ပန်းရံဆရာပေါင်း များစွာကိုစတေးပြီး ဘုရားတည်ခဲ့လေသည်။

နရသူမင်းသည် အုတ်တချပ်နှင့် တချပ်ကြား အပ်နှင့်ထိုးကြည့်၍ အပ်တစ်ချောင်း အုတ်ထဲ၀င်လျှင် ထိုနေရာ တာ၀န်ယူသော ပန်းရံဆရာကို သတ်ပစ်လေသည်။ တချို့ ကမူ ပန်းရံ ဆရာကိုခေါ်၍ လက်ဖြတ်လေသည်ဟုဆိုသည် ။ ပန်းရံဆရာတို့ မည်မျှလက်ဖြတ်ခံခဲရသည်က ိုအောက်ခံကျောက်တုံးက သက်သေပြနေသည်ဟု ဆိုခဲ့ကြသည်။

ပညာရှင်များကမူ မျက်နှာပြင်ကြက်ခြေခတ်ပါ ကျောက်တုံးသည် ပန်းရံဆရာများကို လက်ဖြတ်သည့် ကျောက်တုံးမဟုတ်ဘဲ တံခါးတပ်ရာတွင် သံကွင်းအား ချုပ်ကာ နံရံအတွင်း မြှပ်ရန် တံခါးကွင်း ချုပ်ကျောက် သာဖြစ်သည်ဟုဆိုကြသည်။

ဘုရားတည်ရာတွင် နရသူမင်း ကိုယ်တိုင် ကြီးကြပ် စစ်ဆေးပြီး အလုပ်တာ၀န် ပေါ့လျော့လျှင် အပြစ်ပေးသည့်အတွက် ပန်းရံ၊ ဗိသုကာပညာရှင်တို့သည် စေ့စပ်သေချာအောင် လုပ်ဆောင်နေရ၍ ဘုရားတည်၍ မပြီးနိုင်ဟု အဆိုရှိသည်။

ဘုရား၏အနောက်ဘက်တွင် ဖခင်အလောင်းစည်သူမင်းနှင့် အကိုမင်းရှင်စောတို့အား ထီးနန်းရယူလို၍ သတ်ခဲ့ခြင်းအပေါ် နောင်တရ၍ မိမိအကုသိုလ်ကျေစေရန် ရည်ရွယ်ချက်လားမသိ ပလ္လင်တခုထဲပေါ် ဘုရားနှစ်ဆူယှဉ်၍ ပူဇော်ထားခဲ့ပါသည်။

ဓမ္မရံကြီး ဘုရားအလယ်မဏ်ဏ္ဍိုင် ပတ်လည်၌ စင်္ကြပတ်လမ်း နှစ်ထပ်ရှိသော်လည်း အတွင်းစင်္ကြ ပတ်လမ်း တစ်ခုလုံး နှင့် အပြင်စင်္ကြပတ်လမ်း အတွင်းမှ အတွင်း စင်္ကြသို့ ၀င်ပေါက် အားလုံးကို အုတ်ဖြင့် အသေပိတ်ဆို့ထားသည်။ အတွင်းလှိုင်ပတ်လမ်းကို အဘယ်ကြောင့်ပိတ်ခဲ့သနည်းဆိုသည်ကား ယနေ့အချိန်ထိ မည်သူမျှ မသိနိုင်ဘဲ
ရှိနေပါတော့သည် ။

ဓမ္မရံကြီးဘုရားသည် အာနန္ဒာဘုရားလို အောက်ခြေဖောင်ဒေးရှင်ကို နက်နက်တူးထားခြင်းမျိုး မဟုတ်ဘဲ ပန္နက်အခြေ ၄ပေကျော် ၅ ပေခန့်သာ တူးထားသဖြင့် အလွန်ကြီးမားသည့် ကျောက်တုံးကြီးကို မြေကြီးပေါ်တင်ထားသည်နှင့် တူသည်ဟု ပညာရှင်များက သတ်မှတ်ကြသည်။

ထုထည် အင်မတန်ကြီးသည့်အတွက် ဓမ္မရံကြီးဘုရားသည် နှစ်တွေကြာရှည်ခဲ့တဲ့ တိုင်အောင် အထက်စေတီနဲ့ အထွတ်ပဲ ပျက်စီးပြီး အတွင်းပိုင်းမှာ နဂိုအတိုင်းတည်ရှိသဖြင့် ပုဂံခေတ်လက်ရာကို လေ့လာနိုင်ပါသည်။

#အလောင်းစည်သူ

အလောင်းစည်သူမင်းသည်
ပုဂံပြည် ကျန်စစ်သားမင်း ကွယ်လွန်သည့်အခါ အကြောင်းအမျိုးမျိုးဖြင့် ၎င်း၏ သားတော်
ရာဇကုမာရ်မင်းသား နန်းမရပဲ
မြေးတော် အလောင်းစည်သူက ပုဂံထီးနန်းအား ဆက်ခံခြင်းပြုလေသည်။

အလောင်းစည်သူသည် သက္ကရာဇ် ၁၁၁၂ ခုနှစ် မှ ၁၁၆၇ ခုနှစ် အ ထိ နန်းသက် ၅၅ နှစ် ဟုမြန်မာ ရာဇ၀င်များ၌ ရေးသားဖေါ်ပြကြသည်။

” အလောင်းစည်သူဖြတ်ထုံးများ ” ဟု
ဓမ္မသတ်ကျမ်းတစောင်ပေါ်ခဲ့ပြီး ပြည်တွင်း ကုန်သွယ်မှု စနစ်တကျဖြစ်စေရန် ကျပ် ၊ မတ် ၊ မူး ၊ ပဲ စသည့် အလေးချိန်များအား၎င်း ၊ တင်း ၊ ခွဲ ၊ စိတ် ၊ ပြည် ၊ ခွက် စသည်တို့အား၎င်း တနိုင်ငံလုံး တညီတညွတ်တည်း ဖြစ်စေရန်ဆောင်ရွက်ခဲ့သည်ဟု မြန်မာရာဇ၀င်များ၌ ရေးသားထားသည်။

နိုင်ငံတော်၏ ဆည်မြောင်း ချောင်းကန်များအား ပြုပြင်ချဲ့ထွင်၍ စိုက်ပျိုးနိုင်သည့် မြေများအား လယ်များ ဖွဲ့စေခဲ့သည်။

မြန်မာရာဇ၀င်များ၏ ရေးသားထားချက်အရ
မြန်မာဂီတ နှင့် တူရိယာများသည် အလောင်းစည်သူမင်း လက်ထက်တွင် ဖြစ်ထွန်းခဲ့ကြောင်း ယူဆရသည်။

ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားရန် အတွက်လည်း စွမ်းစွမ်းတမန်ဆောင်ရွက်ခဲ့ပြီး မင်းဘူး ၊ သရက် ၊ ရွှေဘို ၊ မန္တလေး ၊ မုံရွာ ၊ မိုးကုတ် အရပ် ဒေသများ တွင် စေတီ ပုထိုး ၊ ကျောင်း ကန် များ တည်ထားခဲ့ကြောင်း သမိုင်းအထောက်အထားများ တွေ့ရှိရသည်။

အလောင်းစည်သူ ဆောင်ရွက်ခဲ့သည့် သာသနာ ကောင်းမှူ့တော်များထဲတွင် ပုဂံ မှ သဗ္ဗညုပုထိုးတော်ကြီးသည် ကြီးကျယ် ထင်ရှားပေသည်။

အလောင်းစည်သူမင်းသည် မြန်မာနိုင်ငံတော် တိုးတက်ရန် အခြားနိုင်ငံများနှင့် ရောင်း၀ယ် ဖောက်ကားခြင်း ၊ တနိုင်ငံနှင့် တနိုင်ငံ မိတ်ဆွေဖြစ်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် သီဟိုဠ် ၊ မာလာယု ၊ အိန္ဒိယနိုင်ငံ မှ ဘင်္ဂလားနှင့် ပဋိက္ကရားနယ် ၊တရုတ်ပြည် ယူနန်နယ်ရှိ နန်ချိုနိုင်ငံများသို့ခရီးသွား လည်ပတ်ခဲ့သည်။

မြန်မာရာဇ၀င်များ၌ ရေးသားထားသည့် အလောင်းစည်သူမင်း တိုင်းတပါးသို့ခရီးထွက် လှည့်လည်ရာ နောက်ဆုံး ဇမ္ဗုသပြေပင်ရင်းသို့ပင် ရောက်ခဲ့သည်ဟု ရေးသားထားကြသည်မှာ အိမ်နီးချင်းနိုင်ငံများသို့သွားရောက်ခဲ့သည်ကို တင်စားရေးသားထားပုံ ဖြစ်လိမ့်မည်ဟု ခန့်မှန်းရသည်။

နတ်ရွာစံခြင်း
____________
အလောင်းစည်သူမင်းကြီးတွင် သားတော်နှစ်ပါးရှိရာ သားတော်ကြီး မင်းရှင်စောမှာ ဖခင်နှင့် မတည့်သဖြင့် ထွန်တုံးပူတက် (ယခုမန္တလေးမြို့ အရှေ့တောင်ဘက်အရပ်) တွင် ပြည်ရွာပြုပြီး နေလေသည်။

မင်းကြီးက သားတော်ငယ် နရသူကို ပြည်ထဲအမှူ့ကို စီရင်စေသည်။ နရသူမယ်တော်ကား ကျန်စစ်သား၏ အမတ်ဖြစ်သော ဓမ္မကျင်၏ သမီးဖြစ်လေသည်။ ထိုအမတ်သမီးကို မင်းကြီး နန်းတင်တော်မူ၍ မိဖုရားအရာလည်း မရောက်၊ မောင်းမငယ်လည်း မဟုတ်ပေ။

အလောင်းစည်သူမင်းကြီးသည် မင်းစည်းစိမ် အနှစ် (၅၅)တိုင်တိုင် သာသနာတော်မြတ်အကျိုးတို့ကို ပြုဆောင်တော်မူရင်း သက်တော် (၈၅)ရောက်သော် ပြင်းထန်စွာ နာမကျန်းဖြစ်တော်မူသည်ကို
သားတော်နရသူက နန်းတော်မှချ၍ ရွှေဂူကြီးဘုရားတွင် ထားလေသည်။

မင်းကြီးလည်း သတိရတော်မူသောအခါ`င့ါနန်း မဟုတ်တကား´ ဟုမိန့်တော်မူလေသည်။ကိုယ်လုပ်တော်တို့လည်း

“နန်းတော်မဟုတ် ကောင်းမူတော်”

ဟုလျှောက်ကြလေသည်။

မင်းကြီးလည်း သားတော် နရသူ အစီအရင် ဟုကြားသိသော် ကြီးစွာအမျက်ဒေါသ ထွက်လေသည်။ ထိုအကြောင်းကို နရသူ ကြားသော် ညတွင်းချင်း မင်းကြီးဆီသွား၍ ခေါင်းအုံးဖြင့် ဖိသတ်သဖြင့် အလောင်းစည်သူမင်းကြီး နတ်ရွာစံလေသည်။
_________________
ကျမ်းကိုး

မဟာ မြန်မာရာဇ၀င်တော်ကြီး
( ဦးကုလား )မှန်နန်းရာဇ၀င် သုံးတွဲ

Be the first to comment

Leave a Reply

Your email address will not be published.


*