သင့်ကျောရိုးကိုထိခိုက်စေတဲ့ နေ့စဉ်လုပ်ဆောင်မှု(၈)မျိုး

ကျောရိုးဟာ လူတစ်ယောက်အတွက်အလွန်အရေးကြီးတဲ့အစိတ်ပိုင်းဖြစ်တာမို့ သင့်အနေနဲ့ အထူးဂရုစိုက်သင့်ပါတယ်။

၈.)သွားတိုက်တဲ့အခါ

မတ်တပ်ရပ်တဲ့အခါ ကျောရိုးဖိအားက လမ်းလျှောက်နေရတာထက်ပိုများပါတယ်။ သင့်ရဲ့အလုပ်ဟာ နာရီပေါင်းများစွာရပ်ပြီးလုပ်နေရတဲ့အလုပ်ဆိုရင် သင့်အနေနဲ့ ကျောရိုးကို ပိုပြီးဂရုစိုက်သင့်ပါတယ်။

– သွားတိုက်တဲ့အခါ ခါးကိုမကုန်းထားဘဲ နံရံကိုလက်နဲ့ထောက်ထားကာ ခါးကိုဖြောင့်စင်းနေအောင် မတ်ထားပါ။

၇.) ပန်းကန်ဆေးခြင်း


ပန်းကန်ဆေးတဲ့အခါ များသောအားဖြင့် ခါးကကုန်းသွားတတ်ပါတယ်။ ဘေစင်က နိမ့်တဲ့အခါ ပိုကုန်းလွယ်ပါတယ်။ တစ်ချို့တစ်လေ ပန်းကန်ဆေးပြီးတဲ့အခါ ခါးကို ညောင်းချိနေတာပဲ ဆိုတာ ကြားဖူးပါလိမ့်မယ်။ လက်ကတော့ ဆေးနေပေမယ့် ဒီကျောရိုးမှာ အားစိုက်မှုတွေရှိနေပါတယ်။
– ပန်းကန်ဆေးတဲ့အခါ သင့်ရဲ့ဒူးအောက်မှာ ခုံအသေးလေးထားပြီး ခုံအပေါ်ခြေထောက်ထောက်ပြီး ဆေးပါ။ သင့်ကျောရိုးကအားစိုက်ထားရတာတွေကို လျော့ကျစေပါတယ်။

၆.) ကားဘီးလဲတဲ့အခါ

ကားမောင်းသူတိုင်း ဘီးလဲခြင်းဒုက္ခနဲ့ အမြဲရင်ဆိုင်ရပါတယ်။ လဲပြီးရင်လည်း တစ်နေ့လည်း နာကျင်နေတာပါပဲ။

– ဘီးလဲတဲ့အခါ မတ်တပ်ရပ်ပြီးလုပ်တာထက်စာရင် ထိုင်ပြီး သေချာကျကျနန လုပ်တာက သင့်ကျောရိုးထိခိုက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

၅.) အထုတ်တွေသယ်လာတဲ့အခါ


ဈေးတစ်ခါထွက်ဝယ်ရင် ဝယ်ချင်စရာတွေကများနေတာနဲ့ အကြိုက်ဝယ်လာခဲ့ပြီးမှ ပစ္စည်းတွေများလို့ မနိုင်မနည်းတွေဖြစ်နေရင် လက်တစ်ဖက်တည်းက အိတ်တွေစုပြီး သယ်တာက သင့်ကျောရိုးကိုထိခိုက်စေနိုင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ပိုသတိထားသင့်ပါတယ်။ အလေးသယ်တဲ့အခါ ကျောရိုးညှက်သွားနိုင်ပါတယ်။

– အိတ်ကို နှစ်အိတ်ခွဲလိုက်ပြီး နှစ်ဖက်အလေးချိန်ကိုညီမျှအောင်လွယ်ခြင်းက ကျောရိုးတောင့်ခြင်းကို သက်သာစေပါတယ်။

၄.) ကြမ်းတိုက်ခြင်း


နေ့တိုင်းမဟုတ်ရင်တောင် အနည်းဆုံးတစ်ပတ်ကို တစ်ခါလောက်အိမ်သန့်ရှင်းရေး လုပ်ပြီးတဲ့အခါ ကျောရိုးကြီးတောင့်နေတာလို့ ညောင်းချိနေတာတို့ခံစားရပါတယ်။

– ကြမ်းတိုက်တဲ့အခါ အဝတ်ကိုအသုံးပြုပြီး ကုန်းတိုက်တာထက် မတ်တပ်ရပ်ကြမ်းတိုက်တံတွေ အသုံးပြုပေးပါ။

၃.) ဖိနပ်ဝတ်တဲ့အခါ


မတ်တပ်ရပ်ပြီး လုပ်တာနဲ့ ၊ထိုင်ပြီးလုပ်တာနဲ့က အားစိုက်ရတာခြင်းကွာပါတယ်။ တစ်ခါတစ်လေကိုယ်က သတိမထားမိဘဲ ပြုမူမိတဲ့အရာတွေက ကျောရိုးကို ထိခိုက်စေပါတယ်။ အချိန်ပေးပြီးလုပ်ရတာခြင်းအတူတူ ကိုယ့်ကိုဂရုစိုက်ပြီး ထိခိုက်မှုနည်းစေတဲ့အရာကိုရွေးချယ်ပါ။

– ဖိနပ်ဝတ်တဲ့အခါ ကုန်းပြီးဝတ်တာထက် ခုံပေါ်မှာကျကျနနထိုင်ပြီး ဝတ်ဆင်ဖို့ အကြံပေးချင်ပါတယ်။

၂.) ကျောပိုးအိတ်လွယ်တဲ့အခါ


ကျောင်းသားလေးတွေအတွက်တော့ ကျောပိုးအိတ်ဆိုတာ စတိုင်လ်ထုတ်စရာ ဖက်ရှင်တစ်မျိုးတော့မဟုတ်ဘူး။ ကျောင်းတွေမှာ စာတွေအများကြီးသင်ရင် သင်သလို စာအုပ်တွေလည်းအလေးကြီးသယ်ရပါတယ်။ တစ်ဖက်တည်းလွယ်တဲ့အခါ ခါးစောင်းသွားပါလိမ့်မယ်။

– အရမ်းလေးနေရင် လက်ကနိုင်သလောက် စာအုပ်တွေထုတ်ပြီးကိုင်ပါ။ တစ်ဖက်တည်း လွယ်တာထက်စာရင် အိတ်ကိုနှစ်ဖက်လွယ်တာက သင့်ကျောရိုး အတွက် ပိုကောင်းမွန်စေပါတယ်။

၁.) အလေးပင်မတဲ့အခါ


မမှီတဲ့နေရာကို အလေးပင်တစ်ခုခုတင်တဲ့အခါ သတိထားရပါမယ်။ အရမ်းလေးနေရင် မတော်တဆခါးညှက်သွားနိုင်ပါတယ်။ မမှီလို့ဆိုပြီး အတင်းဇွတ်မှိတ် ခြေဖျား ထောက်ပြီး တင်နေတာထက်စာရင် ခုံတစ်လုံးယူပြီး သင့်တော်တဲ့အနေထား ရောက်ပြီဆိုမှ ပစ္စည်းကိုတင်တာမျိုးလုပ်ပေးပါ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*