တစ်နေ့တည်းမှာ ခရီးသည်အမျိုးသမီး(၃)ယောက်ကို ထိကပါးရိကပါးလုပ်ခဲ့တဲ့ တက္ကစီဆရာ

အသက် (၂၆) နှစ်အရွယ်ရှိပြီဖြစ်ပြီး အမည်ဖော်ပြထားခြင်းမရှိတဲ့ တက္ကစီဆရာတစ်ယောက်ဟာ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က ခရီးသည်အမျိုးသမီးကို ထိကပါးရိကပါးလုပ်တဲ့အတွက်ကြောင့် အဖမ်းခံခဲ့ရကြောင်း Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ထူးဆန်းတာတစ်ခုက အဆိုပါတက္ကစီဆရာ ထိကပါးရိကပါးလုပ်ခဲ့တာဟာ တစ်ရက်တည်းမှာတင် အမျိုးသမီး ၃ ယောက် ဖြစ်နေတာပါပဲ။

ဖေဖော်ဝါရီလ ၄ ရက်နေ့က တက္ကစီယာဉ်မောင်းတစ်ယောက်ဟာ ခရီးသည်အမျိုးသမီးကို ထိကပါးရိကပါးလုပ်ခဲ့ပါတယ်လို့ တိုင်ကြားချက် ၃ ခုကို မတူညီတဲ့ အမျိုးသမီး ၃ ဦးဆီက ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ Asia One သတင်းဌာနကို ပြောပြခဲ့ပါတယ်။ တိုင်ကြားခံရတဲ့ တက္ကစီယာဉ်မောင်းဟာ အမျိုးသမီးတွေကို မဖွယ်မရာပြသခြင်း၊ ကားကိုတမင်သက်သက်အန္တရာယ်ရှိအောင် မောင်းခြင်း၊ အရှေ့ခုံတွင် သူနဲ့ ဘေးချင်းကပ်လာထိုင်ခိုင်းခြင်း၊ ခရီးသည်သွားလိုသည့်နေရာသို့ တိုက်ရိုက်မသွားပဲ ကားကို လျှောက်ပတ်နောင်းနှင်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါတက္ကစီဆရာရဲ့ နှောင့်ယှက်ခြင်းကို ခံခဲ့ရတဲ့ ခရီးသည်အမျိုးသမီးတစ်ဦးရဲ့ မိခင်ဖြစ်သူ Ellis Phua ကတော့ “ အဲဒီနေ့က သမီးက အိမ်ကနေ Yio Chu Kang Swimming Complex ကို သွားဖို့ Grab ခေါ်ခဲ့တာပါ။ ကားစောင့်ရတာလည်းတော်တော်ကြာတယ်။ ရောက်လာတော့လည်း အိမ်ကို ကျော်သွားလို့ သမီးက လမ်းလျှောက်ပြီး လိုက်သွားရတယ်။ ကားပေါ်ရောက်ပြီး မကြာဘူး။ သမီးကို အရှေ့မှာ လာထိုင်ဖို့ပြောတယ်။

လာမထိုင်ရင် ကားမမောင်းတော့ဘူးတွေတောင်လုပ်သေးတယ်။ သမီးက အော်လိုက်မှ ကားကုဆက်မောင်းတယ်။ လမ်းမှာလည်းတောက်လျှောက်ပြောတဲ့စကားတွေက မကြားဝံ့မနာသာတွေချည်းပါပဲ” လို့ ပြောပြခဲ့ပါတယ်။ လက်ရှိမှာတော့ အဆိုပါ တက္ကစီယာဉ်မောင်းကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး အမျိုးသမီးတွေကို ကာယအိန္ဒြေဖျက်ဆီးမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ Grab ကုမ္ပဏီဘက်မှလည်း အဆိုပါ ယာဉ်မောင်းကို တာဝန်မှ ဆိုင်းငံ့ထားကြောင်း သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*