ပုရစ် တို့ ပုဇွန် တို့ ကြိုက်သူများ ရာသီမဟုတ်သေးပါပဲ ပေါနေရင် ဒီအချက်လေးတွေကို သတိထား

ပုရစ် တို့ ပုဇွန် တို့ ကြိုက်သူများ ရာသီမဟုတ်သေးပါပဲ ပေါနေရင် ဒီအချက်လေးတွေကို သတိထား

 

ပုရစ် ရောင်းတယ်….. ပုရစ်´´ လို့ သံရှည်ဆွဲအော်လိုက်တဲ့ အသံစူးစူးလေးတစ်ခု ကွန်ပျူတာ စာစီစာရိုက် လုပ်နေတဲ့ ကျွန်တော့် ဆိုင်ခန်းထဲကို တိုးဝင်လာပါတယ်။

မနက် (၈) နာရီကျော် ရင်ပဲ ဝယ်သူရော ၊ရောင်းသူပါ မကျန်တဲ့ ဈေးသေးသေးလေး သာရှိတဲ့ ရွာလေးမှာ နောက်ကျပီးမှ ရလာတဲ့ သား၊ငါး၊ အသီးအရွက် တွေကို ခုလိုပဲ ရွာထဲ အော်ရောင်းကြတာ ဓလေ့ တစ်ခုလိုဖြစ်နေတာပါ။

ပုရစ် တစ်ရာ ဘယ်ဈေးလဲ…..လို့ ..မေးသံရဲ့ အဆုံးမှာ …တစ်ရာကို လေးထောင်..ဆိုတဲ့ ဖြေသံလေးကိုထပ်ကြားရပါတယ်။

လေးထောင် ဈေး နဲ့တော့ မစားသေးဘူး သုံးထော် ဈေးနဲ့ ရမှ စားမယ်..တဲ့ မေးသူ က ဈေး ဆစ်သလိုလို…တကိုယ်တည်းငြီးတွားသလိုလို.. ပြောသံ ကိုဆက်တိုက်ကြားရတယ်။

ကျန်ဒေသတွေမှာ ပုရစ် တစ်ရာကို တစ်သောင်းသုံးထောင်၊ တစ်သောင်းခွဲလောက်ဈေးရှိနေတာကို သိနေတဲ့ ကိုယ့်အဖို့ ပုရစ် တစ်ရာကို လေးထောင်ဆို တာ မများတဲ့ဈေးမှန်းသိပါတယ်။

ပြီးတော့ ပုရစ် ရှာလို့ ရတဲ့ နည်းတွေထဲမှာ ဒီကလေးလာရောင်းတဲ့အချိန်ကိုတွက်ကြည့်တော့ အခက်ဆုံးနည်းနဲ့ ရလာ တယ်လို့ ခန့်မှန်းမိတယ်။

 

ကျွန်တော် တို့ဆီမှာ ပုရစ် ရှာတဲ့နည်းအမျိုးမျိုးရှိတယ်။ မိုးဦးကျ ရေကြီးတဲ့အချိန် မှာ ပုရစ် တွင်းထဲကို ရေဝင်လို့ အပြင် ထွက် လာတဲ့ပုရစ်ကလေးတွေကို ချောင်းတဖက်ကမ်း ကိုင်းခုံ တွေမှာ လှေလှော်ပြီးလိုက်ကောက်တဲ့ နည်းက အလွယ်ဆုံးပါ။

အကောင်အရေ အတွက်အများ ကြီး ရတတ်ပါတယ်။ နောက် ပြီး မိုးတွင်းရာသီထဲမှာပဲ ညဖက် မီးရောင် ပြပြီး ဖမ်းရတာလဲလွယ်ပါတယ်။

ဒီရာသီ… မိုးအကုန် ဆောင်းအကူး မှာ ညဖက် ပုရစ်တွင်း ထဲ ရေလောင်းထည့်ပြီးဖမ်းတဲ့ နည်းလဲလွယ်ပါတယ်။

ညဖက်အိပ်ရေးပျက်တော့ ခံရပါတယ်။ ဒီနည်းနဲ့ရလာတဲ့ပုရစ်လေးတွေက မနက်စောစော ဈေး အမီ ရောင်းနိုင်ကြပါတယ်။

အခုဒီကလေး လာရောင်းတဲ့ ပုရစ်လေး တွေက အခက်ခဲဆုံးဖြစ်တဲ့ ပုရစ်ကျိတ်ကို ပေါက်တူးနဲ့ တူးပီး မြေကြီး ထဲက ဖော်ရတဲ့နည်း ပါ။

မနက်စောစော ချမ်းချမ်းစီးစီး အချိန်ကတည်းက ထပြီး ပေါက်တူးတစ်လက် ထမ်း၊ဓါးမတိုလေးခါးထိုးပြီး ကိုင်းခုံတွေမှာ ပုရစ် ကျိတ်ကို ရှာတူးရပါတယ်။ လူတစ်ယောက်ရှာရင် တစ်မနက်စာအတွက် အကောင်တစ်ရာ ရတာအများဆုံးပါပဲ။

စာနာစိတ် နဲ့သရေယိုတာပါရောပြီး သူ့ပုရစ် ကို ကျွန်တော် ဝယ်ပါတယ်။ ပိုက်ဆံ ပေးပြီးလို့ သူထွက်သွားတော့ ၊ ကျွန်တော့်ဆီမှာ စာစီလာအပ်တဲ့ အကိုက ပုရစ် တွေကိုကြည့်ပြီး ပြောပါတယ်။

အဲဒီ ပုရစ် တွေက ဆေးချထားတဲ့ပုရစ်တွေ..တဲ့။ မင်းကြည့်စမ်း တစ်ကောင်မှ အရှင်မပါဘူး.. တဲ့..လေ။ ဟုတ်ပါတယ်။ သူပြောမှ ကျွန်တော် သတိထားမိတယ်။

ပုံမှန်ဆို ဒါဏ်ရာ မရှိတဲ့ ပုရစ်လေး တွေက ယွစိယွစိနဲ့ သွားနေကြ တာ။တချို့ဆို ခုန်နိုင်ကြသေး တယ်။ ခု…အားလုံးအသေပါ။ ဒီတော့မှ အဲ့အကိုဆက်ရှင်းပြတယ်။

အဲဒါ သန်းဒါးဆေး 10cc တစ်ထုပ်ကို ရေသန့်ဗူး တစ်ဗူးထဲ ထည့်ဖျော်ပြီး စမှာ အဝတ်ပတ် ၊ ဆေးရည် ကို အဝတ်စမှာ ဆွတ်ပြီး ပုရစ်တွင်းဝမှာ တေ့ထားတာ …ပုရစ်က ဆေးနံ့ မခံနိုင်တော့ဘဲ အပြင်ထွက်လာမှ ကောက်ဖမ်း လိုက်တာ ..တဲ့။ ဒီနည်းနဲ့ ရတဲ့ ပုရစ် တွေက ဆေးဒဏ်ကြောင့် ကြာကြာမခံဘဲ သေနေတာ ဆိုပဲ။

တော်တော့ကို ကြက်သီး ထစရာကောင်းပါတယ်။သန်းဒါးဆိုတာ ကုမ္ပဏီ အမည်ပါ။ မူရင်းဆေး အမည်က ဆိုက်ပါမီသရင်း ။ စိုက်ပျိုးရေးသုံး အင်းဆက်ပိုး သတ်ဆေးတစ်မျိုးပါ။

တကယ်ဆို ကျွန်တော် တို့ ဆီမှာ အသီးအနှံ တွေက ရွေးပြီးစားတတ်ရင် သြဂဲနစ် တွေများပါတယ်။ ရာသီပေါ် မှို၊မျှစ်၊သင်္ဘောညွန့် (ကတတ်ရိုး) ၊ကောက်ကောက်ရိုး၊သခွပ်ပွင့်…အစ ၊မန်ကျဉ်းနု ..အဆုံး…ချရေးပြလို့ မကုန်ပါဘူး။

စိုက်ပျိုးပြီးမှ ရတဲ့ သီးနှံ့ တွေမှာတောင် ကန်စွန်း၊ချဉ်ပေါင်နဲ့ မုန်လာ တွေမှာ ပိုးသတ်ဆေး မသုံးကြပါဘူး။

ပိုးသတ်ဆေး တွေရဲ့အန္တရာယ်က ကျွန်တော်တို့ဒေသ မှာ တော်တော် ဆိုးဝါးတဲ့ အခြေအနေတစ်ခုကို ရောက်နေပါပြီ။

ဆောင်းတွင်း နဲ့ နွေမှာ ဒီရေ အတက် အကျ က ကျွန်တော် တို့ ရွာထိရောက်လာပြီးဆိုရင်..။ ဒီရေနဲ့ အတူ ပုဇွန်တုပ်ကြီးတွေနဲ့ငါးကြီးတွေက ချောင်းဖျားပိုင်းရေချိုအရပ်ကို ဥချဖို့ တက် လာကြပါ တယ်။

ငါး၊ပုဇွန် တက်ဖို့ ဒီရေသင့်တဲ့ရက်ဆိုရင်(ဒေသအခေါ် ဖျားသင့်တယ်လို့ခေါ်ပါတယ်) ချောင်းဖျားဖက်က သန်းဒါးဆေး 100cc တစ်ပုလင်းကို ဖောက်ချ လိုက်ရင် ဥချဖို့ တက်လာတဲ့ ရေထဲကကျောရိုးမဲ့ အကုန်သေပါတယ်။

ရေထဲက ဥငယ်လေးတွေကအစ သားပေါက်လေးတွေအဆုံး အကုန်သေ ကြပါတယ်။ တစ်ကောင်ကို တစ်ဆယ်သား၊တစ်ဆယ့်ငါးကျပ်သား လောက် ပုဇွန်တုပ်ကြီးတွေက ဆေးဒါဏ်ကြောင့် ကမ်းစပ်ကို အတင်းတိုးကြပါတယ်။

လက်နဲ့ အလွယ်တကူဖမ်းယုံပါပဲ။ ဒီဆေး ချထားတဲ့ ဒီရေတစ်ပတ်ဆို ချောင်းထဲမှာ ဘာကောင်မှ မရှိပါဘူး။

သူတို့ လိုချင်တဲ့ အကောင်ကြီးတင်မက သားပေါက်နဲ့ ဥတွေပါ သေကုန်တာက အလွန်ပဲ ဝမ်းနည်းစရာကောင်းပါတယ်။ နောက်ထပ် သယံဇာတ ဆုံးရှုံးရသလို ဂေဟ စနစ်ကိုလဲ ဖျက်ဆီး လိုက် တာပါ။

ကျွန်တော်တို့ ဒေသ မှာ ဒေသ အခေါ် ငါးရိ၊ငါးပြောင်း၊ ငါးဝင်း ဆိုတဲ ရေချိုငါး အလွန်ပေါပါတယ်။ လွန်ခဲ့တဲ့ နှစ်..နှစ်ဆယ်လောက်က ဆိုရင် ဖျံ တွေ တောင်ရှိပါသေးတယ်။

သန်းဒါး(ဆိုက်ပါမီသရင်း)ကြောင့် ပုဇွန် တွေ သေရတဲ့အပြင် အလွန်ဉာဏ်ကြီးတဲ့ ကိုယ့်လူမျိုးတွေက ငါးအတွက် သီးသန့် ဆေးတစ် မျိုး ကိုသုံးပါတယ်။

ဟိုးအရင် အစိုးရ ဆီက အင်ဒရင်း ဆေးလွယ်လွယ်ရတုန်းအချိန်မှာ အင်ဒရင်းဟာ ငါးသတ်ဆေးပါ။ ခု အလွယ်မရကြတော့ သိုင်အိုလစ် ဆိုတဲ့ အမည်နဲ့ ဆေးကိုသုံးပါတယ်။

ငါးများများရှိတဲ့ ရေအိုင် မှာ ပိုက်တန်းပြီးတာနဲ့ ဆေးကို ရေထဲ ချလိုက်ယုံပါပဲ။ ကျောက်ခေါင်းနဲ့ ရေထဲကချုံတွေထဲ ခိုအောင်းနေတဲ့ ငါး တစ်ကောင်မှ မနေနိုင်တော့ပါဘူး။

ရုန်းရင်းဆန်ခတ်ရေပေါ်ပေါ်တက်လာပြီး ထောင်ထားတဲ့ ပိုက်ထဲ အကုန်မိပါ တယ်။ ကံကောင်း လို့ ပိုက်ထဲမမိ တဲ့ငါးလဲ မကြာပါဘူး။သေတာပါပဲ။

ဒီနည်းနဲ့ ငါး ဖမ်း၊ ပုဇွန် ရှာကြတာ က ဒီဒေသမှာ ဆယ်စုနှစ်တစ်ခုလောက် ကြာခဲ့ပါပြီ။ဒီနှစ်အတွက်လဲ အရင်နှစ်တွေကလို ချောင်းထဲ ဆေးချပြီးငါး၊ ပုဇွန်ရှာကြအုံးမှာပါ။

ခုဆို လမူးချောင်းထဲ မှာ မျိုးတုန်းသွားတဲ့ ငါး တွေလဲ ရှိပါတယ်။ ငါးဝက် လို့ခေါ်တဲ့ ငါး တစ်မျိုးဆို မမြင်ဘူးတော့တာ အတော်ကြာပါပြီ။

ဒီ ုပြဿနာ မျိုးတွေဟာ ကျွန်တော်တို့ ဒေသတစ်ခုတည်းမှာ ဖြစ်နေတာတော့ မဟုတ်ဘူးလို့ထင်ပါတယ်။ မြန်မာ နိုင်ငံတစ်နံတစ်လျားမှာ အများအပြားဖြစ်နေကြမှာပါ။

ဒီ ပြဿနာ ဟာ တကယ်တမ်းဖြေရှင်းမယ်ဆို ဖြေရှင်းလို့ သိပ်မခက်တဲ့ ပြဿနာ ပါ။

ဒီအခြေအနေ ဒီအတိုင်းဆက်သွားနေရင်တော့ သဘာဝပ တ်ဝန်းကျင်အ တွက် တင်မကဘဲ အမျိုးသားကျန်းမာရေး အတွက်ပါ ရင်လေးမိပါတယ်ခင်ဗျား…..။

Be the first to comment

Leave a Reply

Your email address will not be published.


*