မိန်းမ လိုက်စားခြင်းကြောင့် ရ ရှိ နိုင်သော ဆိုးကျိုး များ

ဝိဓူရဇာတ်၌ ဝိဓူရပညာရှိအမတ်ကြီးက “မိန်းမလိုက် စားလွန်ကြူးသူ” များကို တေဇသင်္ခတံ=အားအစွမ်း၊ တန်ခိုးအစွမ်း ပညာအစွမ်းတို့၏ ကုန်ခမ်းခြင်းကို၊ သမ္ပသံ(သမ္ပသန္တော)=မြော်မြင်သည်ဖြစ်၍၊ ဣတ္ထိ ံ= မိန်းမ ကို၊ ဗဠံ=လွန်လွန်ကြူးကြူး၊ နဂစ္ဆေယျ=မသွားလာစေရ။(စေ-ဂစ္ဆေယျ=အကယ်၍သွားလာငြားအံ့။)၊

ခီလာ မေဒေါ=အသွေးအဆီ ကြုံ လှီ ခြောက်ခန်းသည်ဖြစ်၍၊ ကာသံ=ချောင်းခြောက် ရောဂါစွဲကပ်ခြင်းသို့ လည်းကောင်း၊ ဒရံ=ကိုယ်ပူရောဂါ။ ဆီးပူရောဂါ စွဲကပ်ခြင်းသို့လည်းကောင်း၊ ဗာလျံ=အားအင်ကုန်ခန်း နွမ်းရိခြင်းသို့လည်းကောင်း၊ နိဂစ္ဆတိ=ရောက်တတ်၏” ဟု ဆုံးမတော်မူဖူး ပါတယ်။

မိန်းမလိုက်စား အပျော်ကြူးသော သူသည် ကိုယ်ပိုင်ဇနီးမယားနှင့် မတင်းတိမ် မရောင့်ရဲနိုင်သည်ဖြစ်၍ မြင်သမျှ မိန်းမကို ပူးကပ်သွေးဆောင်တတ်၏။

မိန်းမလိုက်စားလေ့ရှိသူ၏ မျက်နှာမှာ မိန်းမနှင့်တွေ့သည့် အခါ မျက်နှာပြောင်တတ်၍ နှုတ်ချို လျှာတတ်နှင့် အရှက်မရှိ စကားသွက်၏။ မိမိကိုယ်ကို သားနားသပ်ရပ်စွာ ပြင်ဆင်တတ်၍ မာယာပြစ်ဖုံး ဟိတ်ဟန်သုံးလျှက် လှည့်လည်တတ်သည်။

မိန်းမကိုပေးရန်အတွက်မူ နှမြောခြင်းမရှိ ။ရက်ရက်ရောရောပေးလေ့ရှိ၏။

မိမိအလိုမလိုက်သေးသ၍ ကိုယ်ရောစိတ်ပါ အညံ့ခံချဉ်းကပ်တတ်လေသည်။

မိမိချဉ်းကပ်နေသော မိန်းမအလိုကျ ဆောင်ရွက်ရမည်ဆိုလျှင် ထိုမိန်းမက မျက်စ တစ်ချက်ချီရုံမျှနှင့် … စေတနာ ဇောအဟုန်ကြွ၍ ခြေလက်တို့ သွက်လက်စွာ စက်ကဲ့သို့ ခိုင်းသမျှ လုပ်ပေးတတ်၏။ ပိုးပန်းပေး ကမ်းရခြင်းအတွက် စေတနာ ရေစီးကမ်းပြိုလိုက်၍ အနည်းငယ်မျှ တွက်ကပ်ခြင်းမရှိ။

မိန်းမလိုက်စားခြင်း သည် ငွေကြေးကုန်ခန်းခြင်းဖြင့် အစပျိုးကာ ဥစ္စာပျက်စီးကြောင်း အမှန်ဖြစ်လေ၏။ စီးပွားရေး ပြုန်းတီးခြင်းမျှသာ မဟုတ်သေး။ အနာရောဂါထူပြော၍ ကျန်းမာရေးတည်းဟူသော လာဘ်ကြီးလည်းဆုံး၍ လူညွန့်တုံးဘဝ ကျရောက်ကာ ဘဝဆုံးရတတ်ပါတယ်။

မိန်းမလိုက်စားလေ့ရှိသူတိုင်း၏ အကျင့်မှာ တွေ့သမျှမိန်းမ အကောင်း ထင်တတ်ခြင်းဖြစ်သည်။ ကိုယ်စိတ် အညံ့ခံပိုးရခြင်း၊ ပစ္စည်းဥစ္စာကုန်ခန်းခြင်းတို့ဖြင့် မိန်းမတစ်ယောက်ကို ပိုင်ပြီးသော အခါတွင်လည်း ထိုမိန်းမ နှင့် မကျေနပ်မရောင့်ရဲပြန်၍ နောက်တစ်ယောက် ရှာပြန်သည်။

တွေ့သမျှမိန်းမ အကောင်းထင်လိုက်စား သော်လည်း ထိုသို့သော သူမျိုးအဖို့ ဂုဏ်ကျက်သရေ ဣန္ဒြေသိက္ခာ၊ဉာဏ်ပညာရှိသော မိန်းမကို ရသည် မဟုတ်။ ပေါ့ပျက်လေလွင့် ညံ့ဖျင်းသော မိန်းမမျိုးကိုသာ တွေ့ကြုံရသည်။

မိန်းမလိုက်စားလေ့ရှိသည်ဟု နာမည်သတင်းကြီးသူမှာ

မည်မျှပင် ရာထူး၊ အာဏာ၊ စီးပွားဥစ္စာ ရှိပင်ငြား သော်လည်း အဖိုးတန် မိန်းမများက ရှောင်ရှားကြ၏။ တစ်ခါတစ်ရံ ငွေကြေးဥစ္စာ၊ ရာထူး အာဏာ အရှိန်အဝါ ဖြင့် အကုန်အကျခံ၍ ပိုးပန်းပါသော်လည်း ထင်တိုင်းမဖြစ် လွဲချော်၍ အရှက်ကြီးစွာ ရတတ်၏။

“မယားထိ ဓားကြည့်” ဆိုသည့် လင်ယောင်္ကျား ၊မောင်ဘွား မိဘများနှင့်တွေ့ကြုံလျှင် အသက်ပင် ဆုံးရှုံးတတ်သေး၏။ ထို့ကြောင့် မိန်းမလိုက်စားသူသည် အရာရာ နစ်နာ ဆုံးရှုံးတတ်လေသောကြောင့် မိန်းမလိုက်စား လွန်ကြူးခြင်းကို ပျက်စီးကြောင်းဟု ဟောတော်မူခြင်းဖြစ်ပါတယ်။

ပါဝကော=မီးသည်။ ကဋ္ဌပု ဉ္စံ=ထင်းပုံကြီးကို။ ဒဟိတိဣဝ=ပြကျ လေအောင် ကျွမ်းလောင်ဘိသကဲ့သို့။ တထာ= ထို့အတူ၊ ပမတ္တဿ= မိန်းမလိုက်စား မိုက်မှားမေ့မောနေသူ၏။ ယသံ= အခြံအရံများခြင်းကို လည်းကောင်း၊ ကိတ္တိ ံ= ဂုဏ်နံ့သတင်း ကျော်ဇောခြင်းကိုလည်းကောင်း၊

ဓိတိ ံ= ခိုင်ခံ့စွာဘိ သမာဓိကြီးရင့်မှု ကိုလည်းကောင်း၊ သူရံ= မဆုတ်မတွန့် ရဲရင့်ထက်မြက်ခြင်းကိုလည်းကောင်း၊ ဗဟုသစ္စံ= အကြားအမြင် ကြွယ်ဝခြင်းကိုလည်းကောင်း။ ပဇာနနံ=မြော်မြင်တုံဘိ အမှန်သိခြင်းကိုလည်းကောင်း၊ ဒဟန္တာ=ပြကျလေ အောင် ကျွမ်းလောင်ကြကုန်လျက်၊ ဟာပယန္တိ=ဆုတ်ယုတ်ပြုန်းတီး၊ပျက်စီးစေကုန်၏။

– (တိကနိပါတ်ဇာတ်အဋ္ဌကထာမှ ကောက်နှုတ်ချက်)

ကာမဘုံသားဖြစ်သော လောကလူသားများအတွက် ♦ ယောင်္ကျားသည် မိန်းမ၏ အတွေ့အထိအာရုံ၊ ♦ မိန်းမသည် ယောင်္ကျား၏ အတွေ့အထိအာရုံတို့မှာ အကောင်းမွန်ဆုံး အရသာအဖြစ် မှတ်ယူ ခံစားလေ့ရှိကြသည်။

သို့သော် လူ့လောကတွင် အတွေ့အထိ ဖောဋ္ဌဗ္ဗာရုံ၌ လွန်ကဲသူများကို “တဏှာရူးများ”ဟု အများ ခေါ်ဝေါ် ပြောဆိုကြလျှက် မည်သည့် အာရုံကိုမဆို လွန်လွန်ကဲကဲ တက်မက် တွယ်တာတတ်သူကို “တဏှာ ကြီးသူ” ဟု ခေါ်ဆိုနိုင်ပေသည်။

“ဇာတက အဋ္ဌကထာ” ၌ “အရူး ရှစ်မျိုး” ပြဆိုထားသည်။

၁။ကာမုမ္မတ္တက=တဏှာရူးသူ။

၂။ကောဓုမ္မတ္တက=ဒေါသရူးသူ။

၃။ဒိဋ္ဌုမ္မတ္တက =အယူလွဲမှား ရူးသူ။

၄။မောဟုမ္မတ္တက =မိုက်မဲတွေဝေရူးသူ။

၅။ယက္ခုမ္မတ္တက =ဘီလူး၊ တစ္ဆေသရဲပူးဝင်၍ရူးသူ။

၆။ဝိတ္တုမ္မတ္တက =သည်းခြေပျက်ရူးသူ။

၇။သုရုမ္မတ္တက =အရက်မူးပြီးရူးသူ။

၈။ဗျသနုမ္မတ္တက =ဥစ္စာ ဆွေမျိုး ပျက်စီး၍ရူးသူ ဟူ၍ဖြစ်၏။

မိမိအလိုဆန္ဒကိုလိုက်၍ တဏှာရမ္မက်ကြီးသူအား အရူးဥပမာ တစ်မျိုးပေး ၍ ခိုင်းနှိုင်း ထားလေသည်။ အများထက်ပို၍ တဏှာရာဂ လွန်ကြူးလိုစိတ်သည် ချိုးနှိမ်ပစ်ရမည့် စိတ်ရိုင်းတစ်ခုဖြစ်၏။

စိတ်၏ အညစ်အကြေး စိတ်၏ ရန်သူဖြစ်သော “ရာဂတဏှာ” ကို သတိပညာ အထိန်း တို့ဖြင့် ထိန်းသိမ်းနိုင်မှ ဖြူစင်မည်။

စိတ်သည် ပကတိအခါ၌ ဖြူစင်သန့်ရှင်း အပြစ်ကင်းလျက်ရှိ၏။ တဏှာစိတ်ဖြင့် အာရုံကို အလွန်အကျူး လိုချင်မက်မောမှု ၊တွယ်တာကပ်ငြိမှုတို့ကြောင့် အပြစ်မကင်း၊ မသန့်ရှင်းသော အညစ်အကြေးသဖွယ် ဖြစ်ရသည်။ တဏှာ ရာဂတည်းဟူသော စိတ်အညစ်အကြေးကို ဆပ်ပြာနှင့်ရေဖြင့် ဆေးကြော၍ မစင်နိုင်ပေ။ စိတ်သတ္တိဖြင့် ဆေးကြော မှသာ သန့်ရှင်းစင်ကြယ်မည်ဖြစ်၏။

တဏှာရာဂစိတ်မွှန်နေသူသည်

♦ ပညာမျက်စိကိုလည်း ကန်းစေ၏။ ♦ အကြောင်းအကျိုး ကိုလည်းမမြင်၊

♦ အကောင်းအဆိုးကိုလည်း ခွဲခြားမသိ၊ ♦ အမှားအမှန်ကို မဝေခွဲနိုင်ဘဲ မှောင်အတိကျကာ မျက်ကန်းပမာ ဖြစ်နေသည်။

သို့ဖြစ်ရာ တဏှာရာဂစိတ်ကြောင့် ဆန့်ကျင်ဘက် အာရုံကို လွန်ကြူးစွာ လိုက်စားလိုစိတ်ကို သတိ၊ ပညာ၊ အမြော်အမြင် ဆင်ခြင်တုံတရားတို့ဖြင့် ထိန်းသိမ်း၍ လောကီအကျိုးစီးပွား၊ လောကုတ္တရာ အကျိုး စီးပွားတို့ ပျက်စီးခြင်းဘေးမှ ဝေးစွာရှောင်ရှားအပ်ပေသတည်း။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

Be the first to comment

Leave a Reply

Your email address will not be published.


*