ည ငှက်လေး တွေ (သို့မဟုတ်) အပျော် မယ်လေး များရဲ့ နောက်ကွယ် က ဆင်းရဲ ဒုက္ခ

တာမွေပလာဇာမှာ ဖွင့်ထားတဲ့ DJ ကလပ်ရဲ့ အရှေ့ကို ည ၁၂ နာရီ အကျော်မှာ အငှားကား တစီးဆိုက် လာပြီး ကိုကိုအောင် တယောက် ကားပေါ်က ဆင်းလာတယ်။ ကလပ်ရဲ့ အရှေ့မှာရှိနေတဲ့ အငှားကားတွေ ကြားက ကိုအကြီးကောင်ကို ရှာရင်းနဲ့ကောင်မလေးတယောက် ခေါ်ချင် တဲ့အကြောင်း ကိုအကြီးကောင် ကို ပြောလိုက်တယ်။ နောက်မကြာဘူး၊ ကလပ်ထဲက အသက် ၂၀ ကျော် ကောင်မလေး တယောက် အပြင် ထွက်လာတယ်။ “အစ်ကို သူပဲ။

အားလုံ အဆင်ပြေတဲ့ ကောင်မလေးပါ။မနက်မိုးလင်း တဲ့အထိ နေပေးလိမ့်မယ်။ ကြေးကတော့ အစ်ကိုတို့ ဘာသာ စကားပြောကြ။ ကျနော်တို့က ကြားထဲက ဘာမှ ဖြတ်စားလာဘ်စား မလုပ်ဘူး။ အစ်ကိုတို့ အဆင်ပြေဖို့ပဲ လိုတာ” လို့ကိုအကြီးကောင်က ကိုကိုအောင် ကို ပြောရင်း ကောင်မလေးကိုလည်း “ဟဲ့ခြူးခြူး၊ အဆင်ပြေအောင် နေပေး လိုက်နော်။ သူက ဖောက်သည် အသစ်၊ ဒီကို တခါမှ လာဖူးတာ မဟုတ်ဘူး” လို့ လှမ်းပြောလိုက်တယ်။

အဲဒီလိုနဲ့ ခြူးခြူးက ကိုကိုအောင်ကို တည အတွက် ကျပ် ၂ သောင်းပေးရမယ် ဆိုတဲ့အကြောင်း၊ ဟိုတယ် ဒါမှမဟုတ် တည်းခိုခန်းကိုပဲ လိုက်နိုင်မှာ ဖြစ်ပြီး နေအိမ်ကို ခေါ်မယ်ဆိုရင်တော့ လုံးဝ မလိုက်နိုင်ကြောင်း ရှင်းပြတယ်။ အဲဒီနောက်ကိုအကြီးကောင်ရဲ့ အငှားယာဉ်နဲ့ပဲ တာမွေမြို့နယ်ထဲက ဟိုတယ်တခုကို သွားခဲ့ ကြတယ်။ ခြူးခြူးဆိုတာက မြောက်ဥက္ကလာပ မြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေး ဝင်းနားက ရပ်ကွက်ထဲ မှာ နေတဲ့သူပါ။

သူ့မှာ အိမ် ထောင်ရှိပေမယ့် သူအခုလို ပြည့်တန်ဆာအလုပ်သမ ဘဝ ရောက်နေတာကို သူ့ခင်ပွန်းက လုံးဝ မသိတဲ့အကြောင်း၊ သူက ဒီလုပ်ငန်းက ဝင်တဲ့ ဝင်ငွေကို ဧရာဝတီတိုင်းမှာ နေတဲ့ သူ့မိဘတွေဆီ ပိုက်ဆံ ထောက်ပံ့ပေးတဲ့ အကြောင်း ပြောပြတယ်။ သူ ရန်ကုန်ကို စရောက်တော့ လှိုင်သာယာ က အထည်ချုပ် စက်ရုံတရုံမှာ အလုပ် စလုပ်ခဲ့တာ ၈ လ ကျော် လာတော့ အဲဒီ စက်ရုံက သူငယ်ချင်းတွေရဲ့ အဆက်သွယ်နဲ့ပဲ အနှိပ်ခန်းတခုမှ အလုပ်လုပ်ခဲ့တယ်။ အနှိပ်ခန်းလို့သာ ဆိုတယ်၊ တကယ့် တကယ်မှာတော့ လိင်ဖျော်ဖြေ ပေးရတာပါပဲတဲ့။

“အနှိပ်ခန်း မှာလည်း ၄ လလောက် ကြာတော့ အထည်ချုပ်မှာ လုပ်တုန်း ကြိုက်ခဲ့တဲ့သူက ကျမ လုပ်တာ ကို သိသွားပြီး ဆက်မလုပ်ဖို့နဲ့ သူနဲ့ယူဖို့ ဖြစ်လာရာကနေ အိမ်ထောင်ကျ ဖြစ်တယ်။ သူက အခုထိ လှိုင်သာယာမှာ အလုပ်လုပ်နေတုန်းပဲ။ သူ ညဘက် အလုပ်ဆင်းရတဲ့ အချိန်ကျမှ ကျမက ဒီကလပ်ကို လာတာ။ သူ မသိအောင်ပေါ့။ သူ့အလုပ်နဲ့က ကျမတို့ရွာက မိသားစုကို ဘယ်လိုလုပ် ပြန်ထောက် ပံ့ပေးနိုင်မှာလဲ” လို့ ခြူးခြူးက ဆိုတယ်။

ဒီလို ကလပ်တွေမှာ လုပ်ရတာက အဖမ်းအဆီးအတွက် လုံခြုံရေး ကောင်းတယ်၊ စီမံချက် ရှိတယ်ဆိုရင် ကလပ်က လုံးဝကို မဖွင့်တာ၊ သူ့အချိတ်အဆက်နဲ့ ကြိုတင် သတင်းပေးထားတော့ ဒီကိုလာကြရတဲ့ လိင်အလုပ်သမတွေ အတွက်က လမ်းဘေးပြည့်တန်ဆာအလုပ်သမ တွေထက် ပိုလုံခြုံတယ် လို့ သူက ဆက်ပြောတယ်။ မြန်မာနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းနဲ့ ပက်သက်ပြီး တရားဝင်လုပ်ပိုင်ခွင့် မရှိတာကြောင့် တရားမဝင်အနှိပ်ခန်းတွေ ၊ အလှပြင် ဆိုင်တွေနဲ့ ကလပ်တွေ၊ လူစည်ကားရာ နေရာတွေမှာ ပုံစံအမျိုးမျိုးနဲ့ လုပ်ကိုင်နေကြတာ ကို တွေ့ရပါတယ်။

ဒါ့အပြင် ပျော်ပါးချင်တဲ့ သူတချို့က ဖုန်းနဲ့ခေါ်လိုက်ရင် ရတဲ့နည်းလမ်းတွေလည်း ရှိပါတယ်။ “ကျနော်တို့က အခု အရောင်းမြှင့်တင်ရေး လုပ်နေတဲ့ ကောင်မလေးတချို့နဲ့ ချိတ်ထားတာ။ ကျနော့်ဖုန်းကို ဆက်လိုက်ရင် ဈေးစကားပြောပြီး ဘယ်အရွယ်တွေ ရှိတယ်ဆိုတာ ပြောပြတယ်။ တကယ်လို့ ခေါ်ချင်တယ် ဆိုရင် ကျနော့် တက္ကစီနဲ့ ဘယ်ဟိုတယ် ဆိုတာ နဲ့ ပြောလိုက်ရင် လာပို့ပေးတယ်။ ပို့ပေးတာကို မကြိုက်သေး ဘူးဆိုရင် ကားခတော့ ပြန်ပေးခိုင်းတယ်။နောက်တယောက်ထပ်ခေါ်သွားတယ်။

ကျနော် က ခေါင်းတွေ လိုတော့ ကောင်မလေးတွေပေါ်က ပြန်ဖြတ်ယူတာမျိုး မလုပ်ပါဘူး။ သူတို့လေးတွေက ကျနော့်ကို အဆင်ပြေရင် ပြေသလိုတော့ ပေးတာတွေရှိတယ်” လို့ တောင်ဥက္ကလာပ မြို့နယ်မှာ နေထိုင်တဲ့ အငှား ယာဉ်မောင်း ကိုကိုမြက ဧရာဝတီကို ပြောပါတယ်။

ဒါပေမယ့် ပြည့်တန်ဆာအလုပ်သမ အတော်များများကတော့ ရဲတွေနဲ့ မပက်သက်ဘဲ နေလို့ မရတဲ့ အကြောင်း၊ သူတို့ လုပ်ကိုင်နေတဲ့ တာမွေလမ်းဆုံ နေရာမှာ လိုအပ်ရင် အလှည့်ကျ အဖမ်းခံရတာမျိုး အထိ ရှိကြောင်း တာမွေလမ်းဆုံမှာ ပြည့်တန်ဆာအလုပ်သမ အဖြစ် လုပ်ကိုင်နေသူ မဆင့်ဆင့်က ဆိုပါတယ်။ သူတို့ လုပ်ကိုင်နေတဲ့ နယ်မြေမှာ ရဲတွေကို အပတ်စဉ် လိုင်းကြေးပေးနေရတဲ့ အပြင် တခါတခါ တာမွေလမ်း ဆုံမှာ လှည့်ကင်း လာစောင့်တဲ့ ရဲတွေအတွက်

လက်ဖက်ရည် ဖိုးလည်း ရှင်းပေးရတတ်ကြောင်း၊ အဲဒီလို လုပ်မှလည်း အဲဒီနေရာမှာ အေးအေးဆေးဆေး လုပ်စားလို့ရတဲ့အကြောင်း သိရပါတယ်။ “တခါက ကျမကို ဖောက်သည် တယောက်က တာမွေပလာဇာက တည်းခိုခန်းကို ခေါ်သွားပြီး အခန်း ထဲရောက်မှ သဘာဝ မဟုတ်တဲ့ လိင်ဆက်ဆံမှုမျိုး လုပ်ခိုင်းတယ်။ ကျမက မလုပ်နိုင်ဘူးလို့ ဆိုတော့ ရဲတိုင်မယ်လေး၊ ဘာလေးနဲ့ လုပ်ပြီး တာမွေလမ်းဆုံက ရဲတွေကို မင်းတို့ ဒီဟာမတွေ ကို မဖမ်းဘူးလား၊ ဘာလား သွားလုပ်တယ်။ ကျမတို့က ရယ်တောင် ရယ်ချင် သေးတယ်။

ကျမတို့နေရာက လိင်အလုပ် သမတွေက ရဲတွေဆီမှာ ပြည့်တန်ဆာ အမှုအတွက် အလှည့်ကျ အဖမ်းခံ ပေးနေရတာဆိုတော့ ဘာမှ မဖြစ်ဘူး” လို့ မဆင့်ဆင့်က ဆိုတယ်။ အခုလို လိင်အလုပ်သမတွေအပေါ် အကာအကွယ် ပေးမယ့် ဥပဒေတွေ မရှိတာကြောင့် သူတို့အနေနဲ့ ရဲတွေနဲ့ မပတ်သက်လို့ မရတဲ့ အခြေအနေ ဖြစ်နေရတာ၊ ရဲတဦးအတွက် တလကို အမှုဘယ်လောက် ရအောင် ရှာရမယ်ဆိုတဲ့ စီမံချက်တွေ ကြောင့်လည်း

အခုလို အလွယ်တကူ ဖမ်းဆီးလို့ရတဲ့ ပြည့်တန်ဆာအလုပ် သမတွေ အပေါ်မှာ အသုံးချနေတာ ဖြစ်တယ်လို့ ပြည့်တန်ဆာအလုပ်သမ တွေကို ကူ ညီစောင့်ရှောက်မှုပြုလုပ်နေ တဲ့ တော်ဝင်ခရေ ကွန်ရက် ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ဧရာဝတီကို ပြောပါတယ်။ ဒါ့အပြင် နှစ်တိုင်း နိုဝင်ဘာ၊ ဒီဇင်ဘာလလို အချိန်မျိုးတွေမှာ ပြည့်တန်ဆာအလုပ်သမတွေကို စီမံချက်နဲ့ အများ အပြား ဖမ်းဆီးတတ် လေ့ရှိကြောင်း၊ အုပ်ချုပ်ရေးပိုင်းကလည်း ပြည့်တန်ဆာအလုပ်သမတွေ အပေါ် ဥပဒေကို အကြောင်းပြပြီး အနိုင်ကျင့်မှုတွေ ပြုလုပ်တတ်လေ့ ရှိကြောင်း သူက ဆက်ပြောပြတယ်။ “တချို့က ဖောက်သည်တွေလို ခေါ်သွားပြီးမှ နင် ငါ့ကို စိတ်ကျေနပ်အောင် လုပ်ပေး၊ ပိုက်ဆံ တပြားမှပေးမှာ မဟုတ်ဘူး၊ တခါတည်း အချုပ်ထဲ ဖမ်းထည့်လိုက်မှာ” ဆိုတဲ့ အနိုင်ကျင့် စော်ကား မှုတွေ လည်း ရှိတယ်။

နယ်ဘက်မှာဆို ပိုဆိုးတယ်။ ပျော်ပါးဖို့ ခေါ်သွားတာက တဦးတည်း၊ နေရာရောက်မှ လူ ၄၊ ၅ ဦးက ဝိုင်း အနိုင်ကျင့်တာ။ လိင်အလုပ်သမ တွေမှ အဲဒီလို မျိုးဆို ဘယ်ကို သွားတိုင်ရမလဲ။ တိုင်တဲ့ အခါတောင် ကိုယ်က ပြန်အဖမ်းခံရမှာ။ သူတို့ဘက်က ရပ်တည်ပေးဖို့ ဘာမှမရှိဘူး” လို့ သူက ဆိုပါတယ်။ ကျောက်မြောင်းမှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် ပြည့်တန်ဆာအလုပ်သမ မချိုချိုကတော့ လိင်လုပ်ငန်း အပေါ် နှစ်ခြိုက်စွာ လုပ်ကိုင်နေခြင်း မဟုတ်သော်လည်း လက်ရှိဘဝ ရပ်တည်ရေးနှင့်

မိသားစု အရေး များကြောင့် စွန့်လွှတ်နိုင်ခြင်း မရှိသေးကြောင်း၊ တည်ဆဲ ဥပဒေ များကြောင့် ထင်ထင်ပေါ်ပေါ် လုပ်ကိုင်နိုင်ခြင်း မရှိသော်လည်း မိမိ အဆက်အသွယ်နှင့် လုပ်ကိုင်နေခြင်းကြောင့် အဆင်ပြေကြောင်း ဧရာဝတီကို ပြောပါတယ်။ အရင်က စားသောက်ဆိုင် ကြီးကြီးတခုမှာ ဝင်ရောက် လုပ်ကိုင်ခဲ့တာကြောင့် ပိုက်ဆံရှိ လူတန်းစားတွေနဲ့ ရင်းနှီးကျွမ်း ဝင်ရှိခဲ့ တဲ့အတွက် အခုလို ဖုန်းနဲ့ ခေါ်လိုက်တာနဲ့ လိုက်နိုင်တဲ့ အဆင့်အထိ လုပ်ကိုင်နိုင် တာ ဖြစ်ကြောင်း၊ သူကိုယ်တိုင် တလကို ဝင်ငွေ ၁၀ သိန်းနီးပါးလောက် ရရှိကြောင်း သူက ဆိုတယ်။

ဒါပေမယ့် ပိုက်ဆံ နည်းနည်းပဲရတဲ့ အပြင် ကျန်းမားရေး ရှုထောင့်က ကာကွယ်မှုလည်း အားနည်းနေတဲ့ ပြည့်တန်ဆာလုပ်သမ တွေလည်း အများကြီး ရှိနေပါသေးတယ်။ အသက် ၄၀ ကျော် အရွယ်ရောက်မှ ဖျော်ဖြေရေး လုပ်ငန်းခွင်ကို ဝင်လာခဲ့ကြတဲ့သူတွေ အများစု က ငွေကြေး ရတာလည်း နည်းသလို အများအားဖြင့် သောက်စား မူးယစ်ထားတဲ့ သူတွေနဲ့ ဆက်ဆံမှု ပိုများ ရတဲ့အကြောင်း တောင်ဒဂုံ မြို့နယ်မှာ နေတဲ့ ဒေါ်အေးက ပြောပြတယ်။ “မူးလာတဲ့သူ တချို့ဆိုရင် ကွန်ဒုံးမသုံးဘူး။

ကိုယ်က ကြောက်ပေမယ့် အဆင်ပြေအောင် နေလိုက်တာ ပဲ။ ရောဂါဖြစ်ချင်လည်း ဖြစ်တော့၊ မတက်နိုင်ဘူး။ တချို့ဆို ပုံမှန်မဟုတ်တဲ့ လိင်ဆက်ဆံမှုမျိုး ကိုတောင် လုပ်ကြတယ်။ ဘယ်တက်နိုင်မလဲ။ ကိုယ့် အသက်အရွယ်နဲ့က ပိုက်ဆံ ပေးနိုင်တဲ့သူတွေ ဘယ်လိုလုပ် ခေါ် မလဲ” လို့ သူက ဆိုတယ်။ မြန်မာနိုင်ငံမှာ ဖျော်ဖြေရေး လုပ်ငန်းနဲ့ ပက်သက်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်ကလို အိမ်တွေမှာ လုပ်ကိုင် ကြတာမျိုး မရှိတော့ပေမယ့်၊ အနှိပ်ခန်းလို့ အမည်တွင်ပြီး ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင်နေမှုက များပြား လာခဲ့ပါတယ်။

တချို့ အနှိပ်ခန်းတွေက အနှိပ် သီးသန့်သာ လုပ်ကြပေမယ့် တချို့ကတော့ ဖျော်ဖြေရေး သက်သက် သာ လုပ်ကိုင်နေကြ တာကို တွေ့ရပါတယ်။ အခုနောက်ပိုင်း ဖျော်ဖြေရေး လုပ်တဲ့ အနှိပ်ခန်းတွေက မကြာခဏ နေရာပြောင်းပြီး လုပ်ငန်းကို အဖမ်း မခံရအောင် ရှောင်တိမ်းလာတာ တွေ့ရတယ်လို့ ဖျော်ဖြေရေး လုပ်နေတဲ့ အနှိပ်ခန်းကို သွားဖူးတဲ့ ကိုနောင်က ဧရာဝတီကို ပြောပြတယ်။ “အခန်းထဲရောက်တာနဲ့ ကောင်မလေးက နေမှာလား၊ နှိပ်တော့ မနှိပ်တတ်ဘူးနော်လို့ ပြောတယ်။

တခါနေ ရင် ကျပ် ၈ ထောင်နဲ့ ၁ သောင်းလောက် တောင်းတတ်တယ်။ တနာရီ ဆက်ရှင်ကြေးနဲ့ဆို တခါသွားရင် ကျပ် ၁ သောင်းခွဲလောက် ကုန်တယ်။ အဲဒါတောင် တခေါက်ပဲ ဆက်ဆံလို့ရမှာ။ ဒါပေမယ့် အဲဒီ က ကောင်မလေးတွေက မပါဘဲနဲ့ လုံးဝမနေဘူး” လို့ သူက ဆိုတယ်။ အနှိပ်ခန်းမှာ အလုပ်လုပ်နေကြသူ တချို့နဲ့ တွေ့ဆုံမေးမြန်း ကြည့်တဲ့ အခါမှာ စက်မှုဇုန် စက်ရုံ အလုပ် ရုံတွေမှာ လစာ မလောက်ငှတဲ့ အတွက် အခုလို အနှိပ်ခန်းကို ပြောင်းရွှေ့ လုပ်ကိုင်ကြရင်း နောက်ဆုံး လိင်ဖျော်ဖြေရေး လုပ်ငန်းခ

ွင်ကို ရောက်ရှိလာတာ ဖြစ်ကြောင်း၊ သူတို့ အခုလို လုပ်ကိုင်နေကြတာကို နယ်ဘက် ဒေသတွေက မိသားစုတွေက မသိကြကြောင်း ပြောဆို ကြပါတယ်။ ဧရာဝတီက မေးမြန်းခဲ့သမျှ အနှိပ်ခန်း လိုင် နေကြသူတွေဟာ ဖျော်ဖြေရေးလုပ်ငန်းက ရရှိတဲ့ငွေကြေးတွေကို မိသားစုဆီ ပြန်ထောက်ပံ့ ပေးရတာကြောင့် ဒီလုပ်ငန်းကို မစွန့်ခွာနိုင်ကြသူတွေ ရှိသလို၊ အနည်းစုကတော့ အခုလို ပေါပေါများများ သုံးစွဲ နိုင်တာကြောင့် ဒီလုပ်ငန်းက စွန့်ခွာလိုခြင်း မရှိတာလို့ သိရပါတယ်။

ဒါပေမယ့် သူတို့တော်တော်များများက ပုံမှန်ကျန်းမားရေး စစ်ဆေးမှုတွေ လုပ်လေ့ မရှိကြသလို၊ အနှိပ်ခန်း တခုမှာလည်း အချိန်ကြာကြာ လုပ်လေ့မရှိဘူးလို့ တာမွေမြို့နယ် အတွင်းက အနှိပ်ခန်းတခုမှာ လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင်နေတဲ့ မဆူဆန်က ပြောပြပါတယ်။ မြန်မာနိုင်ငံမှာ ဖျော်ဖြေရေး လုပ်ငန်းနဲ့ ပက်သက်ပြီး တရားဝင်လိုင်စင်နဲ့ ခွင့်ပြုသင့် မပြုသင့် ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးဖို့ တင်ပြခဲ့ပေမယ့် ဆွေးနွေးခွင့်တောင် မရခဲ့ပါဘူး။

အဲဒီလို တရားဝင် ရပ်တည်ခွင့် မရှိတာကြောင့်ဘဲ ပြည့်တန်ဆာအလုပ်သမတွေဟာ ဥပ ဒေရဲ့ အကာအကွယ်ကို မရဘဲ နေရာစုံမှာ ဖိနှိပ်မှုနဲ့ ကြုံတွေ့နေရသလို၊ ရောဂါ ကူးစက် ပြန့်ပွားမှုနဲ့ အမှုအခင်း များစွာလည်း ဖြစ်ပေါ်နေခဲ့ ရပါတယ်။ မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီးသား အသက် ၁၅ နှစ်ကနေ ၄၉ နှစ်အကြား အမျိုးသမီးတွေထဲက ဝ. ၄၅ ရာခိုင်နှုန်းဟာ အခကြေးငွေကို တိုက်ရိုက်ယူပြီး လုပ်ကိုင်နေကြတဲ့ လိင်အလုပ်သမတွေအဖြစ် ရှိနေပြီး ခန့်မှန်းခြေ ၄ သောင်းကနေ ၈ သောင်း အကြား အရေအတွက်ရှိတယ်လို့ ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံ အစိုးရတို့ ပူးပေါင်း ကောက်ခံထားတဲ့ ခန့်မှန်းခြေ စာရင်းတွေက ဆိုပါတယ်။

အဲဒီလို ငွေကြေးတိုက်ရိုက် ယူတဲ့ ပြည့်တန်ဆာအလုပ်သမတွေထဲမှာ ကေတီဗီ၊ အနှိပ်ခန်း၊ အလှပြင်ဆိုင်၊ တယ်လီဖုန်း အဆက်အသွယ်နဲ့ လုပ်ကိုင်နေကြသူတွေ ပါဝင်နိုင်ဖွယ် မရှိသေးဘူးလို့လည်း သိရပါတယ်။ အနှိပ်ခန်းလို နေရာတွေမှာ လုပ်ကိုင်နေကြတဲ့ သူတွေဟာ သူတို့ကိုယ်တိုင် စိတ်အားငယ်မှုတွေ ရှိနေတတ် တာ၊ ဆိုင်ပိုင်ရှင် တွေရဲ့ စီမံမှုတွေကြောင့် မိမိရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို လုပ်လို့မရတဲ့ အနေအ ထားတွေ ရှိနေတာ တွေ့ရတယ်လို့ တော်ဝင်ခရေ ကွန်ရက် ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ပြောပါတယ်။

တချို့ အနှိပ်ခန်းက ပြည့်တန်ဆာအလုပ်သမ တွေဟာ အနှိပ်ခန်းတခုကနေ နောက်တခုကို ပြောင်းလုပ်မှ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ရတာ မျိုးကြောင့် အဲဒီလိုနေရာမျိုးတွေကို ကူညီပေးဖို့၊ ပညာပေးဖို့တွေ များစွာ လိုအပ်တယ်လို့ သူက ဆက်ပြောတယ်။ “ဆိုင်မန်နေဂျာတွေ၊ ပိုင်ရှင်တွေက စည်းကမ်းချက်တွေ အမျိုးမျိုးထုတ်ပြီး ဒီဆိုင်က အနှိပ်သီးသန့်ပဲ လုပ်သ လိုလို စီမံထား တယ်။ ဒါပေမယ့် ဒီကိုလာတဲ့သူတိုင်းက ပျော်ပါးဖို့ ဆိုတာ သူတို့သိနေကြတာပဲ။ အလုပ်သမတွေပဲ ခံရတာ။

အပြင်တွေ မှာထက် ပိုလုံခြုံလို့ ဒီမှာ စီးပွားလာရှာတာ ဆိုတော့ ဒီလိုနေ ရာတွေကို မစွန့်ခွာနိုင်ကြဘူး” လို့ သူက ဆိုပါတယ်။ လိင်အလုပ်သမ တွေဟာ အများသောအားဖြင့် မိသားစုတွေကို ဦးဆောင်ဦးရွက် ပြုနေရတဲ့သူတွေ အများ စုဖြစ်တာကို တွေ့ရ သလို တာဝန်ယူချင်တဲ့ စိတ်ဓာတ်၊ အနစ်နာခံချင်တဲ့ စိတ်ဓာတ်တွေ အများစု ရှိကြ တယ်လို့ သူက ဆက်ပြောတယ်။

ကိုယ့်ပတ်ဝန်းကျင်မှာ ပြည့်တန်ဆာဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင်နေတာကို သိသွားမယ် ဆိုရင် အဲဒီလူအပေါ် ပတ်ဝန်းကျင်က နှိမ့်ချ ဆက်ဆံကြမှာကို စိုးရိမ်နေကြရတဲ့ အတွက် ပြည့်တန်ဆာအလုပ်သမတွေရဲ့ ပင်ကိုယ် စိတ်ဓာတ်ထဲမှာပါ စိတ်ဝေဒနာ ဖြစ်နေတာ မျိုးတွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။ “တကယ်တော့ ပြည့်တန်ဆာအလုပ်သမတွေ တော်တော် များများက မိသားစုတွေကို တာဝန်ယူချင်တဲ့စိတ်နဲ့ ကိုယ့်ဘဝကိုယ် နစ်မွန်း ရင် နစ်မွန်းပါစေ ဆိုပြီး သူတို့က စွန့်လိုက်ကြတာ များပါတယ်။ သူတယောက် တည်းပဲ အနာခံလိုက်မယ်၊ သူ့မိသားစုတွေ ကောင်းကောင်းမွန်မွန် နေနိုင်ရင်ပြီးရော ဆိုပြီးတော့ ဒီဘဝထဲ မှာပဲ လည်နေတော့တာပဲ” လို့ ဒေါ်နှင်းနှင်းယုက ပြောပါတယ်။

မူရင်းတင်သူအားလေးစားစာွဖြင့်ခရက်ဒစ်ပေးပါသည်

Be the first to comment

Leave a Reply

Your email address will not be published.


*