တစ်ဖက်သားစိတ်နာကျင်စေမယ့် ဒီလိုမေးခွန်းမျိုးတွေ ဘယ်တော့မှမမေးမိပါစေနဲ့

တစ်ချို့မေးခွန်းတွေက ဖြေရဆိုရတာကောင်းပေမဲ့ တစ်ချို့မေးခွန်းတွေက အမေးခံရသူကို ဝမ်းနည်းသွားစေတယ်၊ဒေါသထွက်သွားစေတယ်။စိတ်မကောင်းဖြစ်သွားစေတယ်၊စိတ်အလိုမကျဖြစ်သွားစေတတ်ပါတယ်။ကိုယ့်အတွက်မေးလိုက်ရတာ ဘာမှမဖြစ်ပေမဲ့ တစ်ခြားသူတွေဖြေရခက်သွားစေမယ့်မေးခွန်းမျိုးတွေ မမေးမိဖို့လိုပါတယ်။အဲ့ဒီအဖြေတွေသိလို့လည်း သင့်မှာ ဘာမှအကျိုးမရှိနိုင်ပါဘူး။ဒါကြောင့် ဘယ်လိုမေးခွန်းတွေ မမေးသင့်ဘူးလဲဆိုတာ ကြည့်လိုက်ပါဦး

*ဘယ်တော့လက်ထပ်မှာလဲ?

ဒီမေးခွန်းက တစ်ယောက်တည်းအေးဆေးနေနေတဲ့သူကိုမေးမိရင် ဖြေရခက်စေမှာဖြစ်သလို စုံတွဲတစ်တွဲကိုသွားပြီး ဘယ်အချိန်လက်ထပ်ကြမှာလဲသွားမေးရင် စိတ်အလိုမကျဖြစ်စေမယ့်မေးခွန်းပါ။လက်ထပ်တယ်ဆိုတာ အခုကျင်းပ အခုဖြစ်လာတာမဟုတ်တဲ့အတွက် သူတို့မှာလည်းသူတု့ိအကြောင်းအရင်း သူတို့အခက်အခဲဆိုတာရှိနိုင်ပါတယ်။တစ်ချို့က ကြည့်ကောင်းအောင်ဖြေကြပေမဲ့ တစ်ချို့စိတ်ဆတ်တဲ့သူနဲ့ဆို သင့်မေးခွန်းကြောင့် အငြင်းပွားမှုတွေပါ ဖြစ်လာပါလိမ့်မယ်။လက်ထပ်ဖို့အဆင်မပြေသေးတဲ့စုံတွဲဆို ဒီမေးခွန်းကြားရင် စိတ်နာကျင်သွားနိုင်ပါတယ်။

ဘယ်အချိန်ကလေးယူမှာလဲ?

အရမ်းရင်းနှီးတဲ့သူတွေတောင် တော်ရုံမမေးသင့်တဲ့မေးခွန်းတွေပါ။ကလေးဆိုတာ ဘုရားပေးတဲ့ဆုပါပဲ။ကလေးလိုချင်လို့ကြိုးစားပေမဲ့ မရသေးတာမျိုး၊ကလေးယူဖို့အဆင်သင့်မဖြစ်သေးတာမျိုး အဲ့ဒီလိုအခြေအနေမျိုးရှိနေတဲ့အိမ်ထောင်သည်စုံတွဲတွေရှိနိုင်ပါတယ်။သင့်မေးခွန်းကြောင့်သူတို့တွေ စိတ်ဝမ်းမနည်းပါစေနဲ့

*ကျောင်းကဘာလို့ထွက်လိုက်တာလဲ? ဘာလို့ကျောင်းဆက်မတက်တော့တာလဲ?

လူတိုင်းမှာမပြောပြချင်တဲ့အကြောင်းအရာတွေဆိုတာရှိပါတယ်။ဒါကို ကျောင်းဘာလို့ထွက်လိုက်တာလဲ၊တက္ကသိုလ်ဘာလို့ဆက်မတက်တော့တာလဲဆိုတဲ့မေးခွန်းမျိုးသွားမေးရင် တစ်ချို့က ဘာမှမဖြစ်ပဲ ဖြေတာတွေရှိပေမဲ့ တကယ်တော့ မမေးသင့်တဲ့မေးခွန်းတစ်ခုပါပဲ။ဒါက သူများရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းအရာဖြစ်သွားပါပြီ။

*ဘာလို့ ချစ်သူမထားတာလဲ?

ဒီမေးခွန်းက အတော်လေးဖြေရခက်တဲ့မေးခွန်းပါပဲ။သူချစ်သူမထားသေးတာ မထားတာက ကိုယ်နဲ့လည်းမဆိုင်သလို သူ့ဆီက အဖြေသိရရင်လည်းကိုယ့်အတွက်ဘာမှအကျိုးထူးလာမှာမဟုတ်ပါဘူး။တကယ်လို့သူက အချစ်ရေးကံမကောင်းတဲ့သူဖြစ်နေရင် ကိုယ့်မေးခွန်းကြောင့် စိတ်မကောင်းဖြစ်သွားနိုင်ပါတယ်။ပြီးတော့ မေးဖို့မလိုတဲ့မေးခွန်းတစ်ခုပါပဲ။

ဘာလို့ဝိတ်မချတာလဲ?

ဒီမေးခွန်းကို ၀၀ကစ်ကစ်မိန်းကလေးတွေကိုသွားမေးမယ်ဆိုရင် သင်ဟာ အလိုက်ကန်းဆိုးမသိတဲ့သူတစ်ယောက်လို့ဆိုရမှာပါပဲ။သူလည်း ပိန်ပိန်လေးဖြစ်ချင်မှာပေါ့။ဝိတ်လည်းကြိုးစားချနေမှာပေါ့လို့တွေးရမယ့်အစား ဘာလို့ဝိတ်မချသေးတာလဲလို့မေးလိုက်တာဟာ တစ်ဖက်လူရဲ့စိတ်ကို ထိရှသွားစေတယ်ဆိုတာ မမေ့ပါနဲ့။ပြီးတော့ ဝတာပိန်တာက လူ့စိတ်ကို အပြည့်အဝမဖော်ပြပေးနိုင်ပါဘူး။

*င့ါမှာ မင်းမကြိုက်တဲ့အချက်တွေဘာရှိလဲ?

တကယ်တမ်းမှာ လူတွေက ကိုယ့်အပေါ်မကြိုက်တဲ့အချက်တွေကို ပြန်ကြားရတဲ့အခါ စိတ်မကောင်းဖြစ်သွားကြတာရှိသလို ဒေါသထွက်သွားကြတာရှိတတ်ပါတယ်။ဘယ်လိုပဲ ကိုယ့်ကိုယ့်ကိုယ် ပြင်ဆင်ချင်လို့၊ကိုယ့်ကိုယ့်ကိုယ်ပြန်မြင်ချင်လို့ ဒီမေးခွန်းကိုမေးမေး တစ်ဖက်လူအတွက်ဖြေရခက်စေသလို ဟိုဘက်ကဖြေချလိုက်တဲ့အခါမှာလည်း အမှန်တရားကိုလက်မခံတတ်တဲ့သူဆို နှစ်ယောက်ကြားက ရင်းနှီးမှုတောင်ပျောက်သွားစေမှာပါ

ပရိသတ်ကြီးလည်း သူတစ်ပါးကိုဝမ်းနည်းနာကျင်သွားစေတဲ့၊တစ်ခြားသူဖြေရခက်စေမယ့် မေးခွန်းမျိုးတွေမမေးမိပါစေနဲ့နော်

 

Be the first to comment

Leave a Reply

Your email address will not be published.


*